ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဝင်္ကမွန်ရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်လာပြီး မြေနိမ့်ပိုင်းရှိ အိမ်ထောင်စု ၂၀၀ ဝန်းကျင် ရေဘေးသင့်နေကြောင်း ရေးဘေးကူညီနေသူ စာရင်းကိုင် တာဝန်ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
စက်တင်ဘာ ၂၈ ရက်နေ့မှစ၍ ရေဘေးသင့်ပြည်သူများ နီးစပ်ရာဆွေမျိုးနေအိမ်များအပြင် ဝင်္ကရွာလယ်ဇရပ်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး လက်ရှိတွင် အိမ်ထောင်စု ၂၀၀ မှ ရေဘေးသင့်ပြည်သူစုစုပေါင်း ၁၅၀၀ ဝန်းကျင်ရှိလာသည်။
နေအိမ်နစ်မြုပ်သွားသည့် ဒေသခံတစ်ဦး၏ ပြောပြချက်အရ ရေလုံးဝနစ်မြုပ်သွားသည့် နေအိမ် ၂၀၀ အပြင် တစ်ဝက်လောက်ရေလွှမ်းနေသည့် နှစ်ထပ်နေအိမ်များ၏ အပေါ်ထပ်တွင် နေထိုင်နေသည့် အိမ်ထောင်စုများလည်းရှိနေသည်ဟု ဆိုသည်။

“ဒီချောင်းရေက လာမဲ့ရက်မှာ မြင့်တက်လား၊ နိမ့်ကျသွားလား ဆိုတာကို မသိဘူး။ မိုးရာသီ အခြေအနေကိုစောင့်ကြည့်ရမယ်။ ဒါပေမယ့် ဒီတစ်ရက်နှစ်ရက်အတွင်း ရေနေ့တိုင်းတက်နေပြီး ရေမြုပ်ပိုင်းမှာနီးနေတဲ့ အိမ်တွေကတော့ ပစ္စည်းတွေ ရွှေ့နေတယ်” ဟု အိမ်မြုပ်သွားသည့် ဒေသခံတစ်ဦးက ပြောသည်။
ကန်ချနပူရီခရိုင်တာဝန်ခံနှင့် စံခလပူရီမြို့နယ် အုပ်ချုပ်ရေးရုံးတာဝန်ရှိသူများက ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရေဘေးသင့် အိမ်ခြေ ၂၀၀ အတွက် စားသောက်ကုန်နှင့် လိုအပ်သည့်ရိက္ခာများ လာရောက်ကူညီထောက်ပံ့ မှုလုပ်ဆောင်ခဲ့သည်။
ထို့အပြင် ရေဘေးတိမ်းရှောင်သူများအတွက် နယ်စပ်ကျန်းမာရေးဌာန (BHI) က ကျန်းမာရေးအခြေအနေများအတွက် ကူညီစောင့်ရှောက်ထားပေးကြောင်း သိရသည်။
ထောင်ဖာဖွန်မြို့နယ်ရှိ (Vajiralongkorn Dam) ရေကာတာအတွင်း မိုးဆက်တိုက် ရွာသွန်းခဲ့မှုကြောင့် ရေကာတာအတွင်း ရေဝင်ရောက်မှု သိသိသာသာ များပြားလာနေသည်။
ယမန်နေ့ စက်တင်ဘာ ၃၀ မှစ၍ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) က ရေကာတာမှ ရေလွှတ်ထုတ်သည့် ပမာဏကို ပုံမှန်တစ်ရက် ကုဗမီတာ ၃၀ သန်းမှ ၄၂ သန်းအထိ တိုးမြှင့်လိုက်သည်။
ထို့ကြောင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ပစ္စည်းဥစ္စာများကို ကုန်းမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် မြစ်ရေအမှတ် အခြေအနေကို သတိထား အနီးကပ် စောင့်ကြည့်ကြရန် တာဝန်ရှိသူများက သတိပေးထားသည်။
ဝင်္ကရွာတွင် ယခုကဲ့သို့ ရေကြီးရေလျှံမှုကို လွန်ခဲ့သည့် ၂၀ နှစ်က တစ်ကြိမ်ကြုံတွေ့ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် တဖန်ပြန်လည်နစ်မြုပ်မှုဖြစ်ခြင်းဟုလည်း သက်ကြီးပိုင်းဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။




