ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အိန္ဒိယစျေး ဗုံးကြဲခံရမှုအပါအဝင် အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ၁၁၅ ကြိမ်ထက်မနည်း ရှိလာသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားဝန်းကျင်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
စစ်တပ်အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း အရပ်သား ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အရပ်သား ၂,၃၂၄ ဦး သေဆုံးခဲ့သည်ဟု ISP-Myanmar က ဆိုသည်။

အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွင် လက်နက်တမျိုးမျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ မီးရှို့ခံရခြင်းနှင့် လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်ပြီး၊ ၆၅ ရာခိုင်နှုန်းသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။
ဖြစ်စဉ်များအနက် အကြိမ် ၁၁၀ ထက်မနည်းကို စစ်တပ်က ကျူးလွန်ခဲ့ပြီး အရပ်သား ၂,၂၂၇ ဦးထက်မနည်း သေဆုံးခဲ့သည်။ အခြားလက်နက်ကိုင်များ ကျူးလွန်ခဲ့သည့်ဖြစ်စဉ် ငါးကြိမ်ရှိကာ အရပ်သား ၉၇ ဦးထက်မနည်း သေဆုံးခဲ့သည်။
စစ်တပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် ကချင်၊ ရခိုင်နှင့် ကရင် စစ်မျက်နှာများတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ တိုးမြှင့်လာပြီး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများ ဆက်ဖြစ်နေသည်ဟု ISP-Myanmar က ဖော်ပြသည်။
တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများနှင့် စစ်ရေးတင်းမာနေသော နယ်မြေများရှိ အရပ်သားများမှာ ထိခိုက်နိုင်ခြေအန္တရာယ် အမြင့်ဆုံးရှိနေပြီး၊ အရပ်သားနေအိမ်များအပြင် သာသနိကအဆောက်အအုံများ၊ ဆေးရုံနှင့် စာသင်ကျောင်းများပါ ပစ်မှတ်ထားခံနေရသဖြင့် ပဋိပက္ခများအတွင်း အရပ်သားများအပေါ် ကာကွယ်မှုပေးနိုင်စွမ်း အဆိုးရွားဆုံးဖြစ်နေသည်။
စစ်အနိုင်ရလိုသည့် ရည်မှန်းချက်နှင့် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများရှိ အရပ်သားများကိုပါ ပစ်မှတ်ထားခြင်းသည် ကျူးလွန်ခံရသူတွင်သာမက ကျူးလွန်သူများအပေါ်တွင်လည်း ဆိုးကျိုးရှိစေပြီး၊ ကျူးလွန်သည့်အဖွဲ့အစည်းများ စစ်ရာဇဝတ်ကျူးလွန်မှုမှတ်တမ်း ပိုများလာနိုင်သည်ဟု ISP-Myanmar က ထုတ်ပြန်ထားသည်။




