Homeသတင်းNUG နှင့် PDF ထံ ငွေကြေးထောက်ပံ့နေသူ ၂၇၀၀ ကျော်၏ အချက်အလက်ပေါက်ကြားခြင်း PRF အခိုင်အမာငြင်းဆို

NUG နှင့် PDF ထံ ငွေကြေးထောက်ပံ့နေသူ ၂၇၀၀ ကျော်၏ အချက်အလက်ပေါက်ကြားခြင်း PRF အခိုင်အမာငြင်းဆို

-

CRPH၊ NUG နှင့် PDF များအား ငွေကြေးထောက်ပံ့နေသော PRF အဖွဲ့ဝင် ၂၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့သည့် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်သည် အမှန်တရားနှင့် လုံးဝကိုက်ညီမှုမရှိသော လိမ်လည်စွပ်စွဲချက်ဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) မှ ထုတ်ပြန်ငြင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ People’s Revolution Supply Family (PRF) ဝဘ်ဆိုက်သို့ ငွေကြေးထောက်ပံ့နေသူ ၂၇၀၀ ကျော်၏ အချက်အလက်များပေါက်ကြားပြီး ယင်းအနက် ငွေကြေးထောက်ပံ့သူ ၂၁ ဦးကို ဖမ်းဆီးရမိထားသည်ဟု စစ်ကော်မရှင် ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

PRF ဝဘ်ဆိုက်သို့ Wave Pay ဖြင့် ထောက်ပံ့သူ ၇၀၀ ဝန်းကျင်၊ NUG Pay ဖြင့် ၁၀၀၀ ဝန်းကျင်၊ SDB ဘဏ်ဖြင့် ၁၀၀၀ ဝန်းကျင်၊ စုစုပေါင်း ၂၇၀၀ ကျော်၏ အချက်အလက်များကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

PRF အနေဖြင့် ထောက်ပို့တော်လှန်ပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကို ကောက်ခံသိမ်းဆည်းခြင်းမရှိသည့် မူဝါဒကို တင်းတင်းကြပ်ကြပ် ကျင့်သုံးနေသဖြင့် PRF စနစ်မှတစ်ဆင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် မဖြစ်နိုင်ကြောင်း တုံ့ပြန်သည်။

စစ်အုပ်စုမှ ဖော်ပြထားသော ဖမ်းဆီးမှုများသည် ယခင်လက Wave Money Agent တစ်ဦး၏ စာရင်းများနှင့် အခြားကိစ္စရပ်များကို အကြောင်းပြု၍ ဖမ်းဆီးခံထားရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အလက်များကို စုစည်းပြီး ချဲ့ကားထုတ်ပြန်ပြောဆိုခြင်းသာဖြစ်သည်ဟု PRF က ပြောသည်။

PRF အဖွဲ့ဝင်များသည် သတ်မှတ်ထားသည့် ကိုယ်စားလှယ်များမှတစ်ဆင့် မှတ်ပုံတင် အမည်လွှဲတစ်ခုနှင့် Email လိပ်စာတစ်ခုသာ လိုအပ်သည့် စနစ်ကို ကျင့်သုံးနေကြောင်းလည်း PRF နှင့် နီးစပ်သည့် နည်းပညာကျွမ်းကျင်သူတစ်ဦးက IMNA သို့ ရှင်းပြသည်။

“PRF member ဝင်မယ်ဆို သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် ဝင်ရမယ်။ သူတို့ကလဲ KPAY၊ Wave လက်ခံလေ့မရှိဘူးဗျ (သူစိမ်းဆို ပိုဆိုးပေါ့)။ တလရ ကာလ ခြောက်နှစ်ထဲကို ရောက်နေပြီဖြစ်လို့ ဘယ်သူမှ ‘ငါ PRF ဝင်ချင်လို့ လွှဲရမယ့် KPAY/Wave Acc လေးပေးစမ်းပါ’ လို့ မပြောတော့ဘူးဗျ” ဟု ဆိုသည်။

ထို့ကြောင့် ဖမ်းဆီးခံရသူ ၂၁ ဦးနှင့် ပေါက်ကြားသည်ဆိုသော ၂၇၀၀ ဦးတို့သည် PRF အဖွဲ့ဝင် ဟုတ်/မဟုတ် ဆိုသည့် အချက်အလက်များကို အခြေခံ၍ စဉ်းစားဆင်ခြင်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

စစ်ကောင်စီဘက်က လက်ရှိ ဖမ်းဆီးရမိထားသည့် မိုးညှင်း၊ လားရှိုး၊ ရွှေညောင်၊ ပြင်ဦးလွင်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ ၂၁ ဦးတို့ကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ၎င်းတို့၏ Wave Pay အကောင့်များကို သိမ်းဆည်း၍ ထိုအကောင့်နှင့် ဆက်စပ်သူများကို ဆက်လက်ဖော်ထုတ်သွားမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ပြည်တွင်း/ပြည်ပရှိ တော်လှန်ပြည်သူများအနေဖြင့် ဖုန်းနှင့် ငွေလွှဲမှတ်တမ်းဆိုင်ရာ လုံခြုံရေးကို အထူးသတိပြုကြရန်လည်း PRF က တိုက်တွန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts