Homeသတင်းလောင်းလုံးမြို့နယ်တွင် ရေကြီးပြီး တောင်ပြိုကျမှုဆက်တိုက်ဖြစ်နေသဖြင့် အရေးပေါ် အကူအညီများလိုအပ်

လောင်းလုံးမြို့နယ်တွင် ရေကြီးပြီး တောင်ပြိုကျမှုဆက်တိုက်ဖြစ်နေသဖြင့် အရေးပေါ် အကူအညီများလိုအပ်

-

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်နှင့် မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်နေသည့်အပြင် တောင်ပြိုကျမှုကြောင့်  လူအသေအပျောက်ထပ်တိုးလာပြီး အကူအညီများလည်း လိုအပ်လာနေကြောင်း မြေပြင်သတင်းအရင်းမြစ်၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာ ၂၆ ရက်မှစပြီး ရေကြီးရေလျှံမှုဖြစ်နေသည့် ကျောက်နီမော်၊ ညောပြင်၊ ဇလွတ်၊ သကျက်တော၊ ကဒက်ငယ်ဆိတ်၊ သဗျာစသည့် ကျေးရွာတို့တွင် တောင်ပြိုကျမှုများ ဖြစ်ပေါ်နေပြီး မြေအနိမ့်ပိုင်းနေရာများတွင် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကူညီရန် အခက်ခဲဖြစ်နေသည်။

လူအသေအပျောက် ဆယ်ဂဏန်းအထိရှိလာပြီး နေအိမ်များအတွင်း ပိတ်မိနေသူများလည်းရှိသဖြင့်  ကျွမ်းကျင်သည့် ကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီများ အထူးလိုအပ်နေသည်ဟု မြို့ခံများကပြောသည်။

လောင်းလုံးမြို့နယ် ရွာခံတစ်ဦးက “အတိအကျတော့ မသိရသေးဘူး၊ ကဒက်ငယ်ထိန်၊ သဗျာ၊ မင်းရပ် အဲ့သုံးရွာပေါင်းက သေဆုံးသူ ဆယ်ဂဏန်းရှိနေပြီး။ မိုးများပြီးတော့ ရေကြီးပြီးတောင်ပြိုတာပေါ့နော်၊ အခြားကျေးရွာမှာလည်း လူအသေအပျောက်ရှိတယ်” ဟု ၎င်းကပြောသည်။

မိုးရွာသွန်းနေဆဲဖြစ်ပြီး ထားဝယ်မြို့ပေါ်အခြေစိုက် ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့များ ကျေးရွာတစ်ချို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေသော်လည်း  ထားဝယ်ဒေသနှင့်နီးသည့် အခြားကူညီရေးအဖွဲ့များ အရေးပေါ်အကူအညီများပေးဆောင်ရန်လည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းရေးသားထားသည်။

“မိုးရွာနေတာ လုံးဝမဆဲတဲ့အခါကျတော့ မနေ့ညက ဒီအချိန်လောက်ကတည်းက စပြီးရေကြီးလာတယ်။ မိုးကလုံးဝမဆဲသေးတဲ့အခါကျတော့ ကူညီဖို့ရန်မလွယ်နေဘူး” ဟု ၎င်းကပြောသည်။

ယနေ့စက်တင်ဘာ ၂၇ မွန်းလွဲပိုင်းအထိ မိုးရွာသွန်းနေဆဲဖြစ်သည့်အပြင် တောင်ပြိုကျမှုလည်း ရှိနေဆဲဖြစ်သည်ဟု မြေပြင်သတင်းအရင်းမြစ်များက ပြောသည်။

မြေပြိုမှုအန္တရာယ်မှ ကြိုတင်ရှောင်ရှားရန် မြေနိမ့်ပိုင်းနှင့် တောင်တန်းများအနီးအနေထိုင်သူများ ကြိုတင်ပြောင်းရွှေ့ရန် လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှလည်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts