Homeသတင်းမွန်၊ ကရင်၊ ပအိုဝ်း လူငယ်များ တွေ့ဆုံပြီး မြေပြင်တော်လှန်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စများ သဘောတူ

မွန်၊ ကရင်၊ ပအိုဝ်း လူငယ်များ တွေ့ဆုံပြီး မြေပြင်တော်လှန်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စများ သဘောတူ

-

မွန်၊ ကရင်နှင့် ပအိုဝ်း တိုင်းရင်းသားလူငယ်များကြား ပြုလုပ်ခဲ့သည့် လူငယ်နိုင်ငံရေး ပထမအကြိမ် နှီးနှောဖလှယ်ပွဲမှ တိုင်းရင်းသားလူငယ်များကြား မြေပြင်တော်လှန်ရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ် ပူးပေါင်းဆောင်ရွက်မှုကိစ္စများကို သဘောတူခဲ့ကြသည်ဟု ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက ပြောသည်။

စက်တင်ဘာလ ဒုတိယအပတ်က မွန်၊ ကရင်နှင့် ပအိုဝ်း တိုင်းရင်းသားလူငယ်များ တော်လှန်ရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် လူငယ်နိုင်ငံရေး ပထမအကြိမ် နှီးနှောဖလှယ်ပွဲကို နှစ်ရက်တာ ကျင်းပခဲ့သည်။

တိုင်းရင်းသားလူငယ်အင်အားစုများကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် မြေပြင်စိန်ခေါ်မှုများကို အတူတကွ ကျော်လွှားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း NRFF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက ပြောသည်။

“သက်ဆိုင်ရာ နယ်ပယ်နဲ့ ကဏ္ဍအလိုက်၊ ဒေသအလိုက်၊ လူမျိုးစုအလိုက် တော်လှန်ရေးကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်လို့ရတာတွေကို နှီးနှောဖလှယ်ကြဖို့၊ ဝိုင်းဝန်းပူးပေါင်းပံ့ပိုးပေးနိုင်ဖို့ သဘောတူခဲ့ကြတယ်။ နောက်ပြီး ကိုယ်တွေ အင်အားစုအသီးသီးမှာရော၊ မြေပြင်ကလူထုအနေနဲ့ပါ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေမှာ သက်ဆိုင်ရာ ကဏ္ဍတွေကို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ပါ” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲကို ရာမည ဖက်ဒရယ်အင်အားစုသစ် (NRFF) က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မွန်၊ ကရင်နှင့် ပအိုဝ်းဒေသများမှ လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများအပါအဝင် အဖွဲ့ပေါင်း (၉) ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် အနာဂတ်တွင် လူငယ်များအကြား ပိုမိုကျယ်ပြန့်သည့် တွေ့ဆုံမှုများနှင့် တရားဝင် မဟာမိတ်ကွန်ရက်တစ်ခု ပေါ်ပေါက်လာစေရန် မျှော်လင့်ထားကြောင်း ဆိုသည်။

နိုင်ပီတာက “တရားဝင်ကွန်ရက်ဆိုတာမျိုး ဖွဲ့စည်းမလားဆိုတော့ ရှိလာဖို့၊ ဒီကအစပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ အားလုံးကလည်း ဒီထက်ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့၊ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံနိုင်ဖို့ကို လိုလားကြပါတယ်” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ကရင်လူငယ်အစည်းအရုံး-ဗဟို (KYO) မှ တာဝန်ရှိသူများက အမှာစကားများ ပြောကြားခဲ့ပြီး မွန်ပြည်နယ်အပါအဝင် သက်ဆိုင်ရာဒေသတွင်း တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ခေါင်းဆောင်မှုကဏ္ဍတွင် လူငယ်တို့၏ အခန်းကဏ္ဍကို စုပေါင်းသုံးသပ်ခဲ့ကြသည်။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ မွန်လူငယ် နိုင်ငံရေးဆွေးနွေးပွဲများအပြင် မွန်-တနင်္သာရီနှင့် မွန်-ထားဝယ် အင်အားစုများအကြား တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

မွန်၊ ကရင်နှင့် ပအိုဝ်းလူငယ်များသည် မွန်ပြည်နယ်အတွင်း အတူတကွ ထွေးရောယှက်တင် နေထိုင်ကြသည့်အပြင် စစ်အာဏာသိမ်းနောက်ပိုင်း တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် မဟာမိတ် တိုင်းရင်းသားများ ဖြစ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts