သုံးသပ်ချက်-ထောကွန်း
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့သော မွန်ပြည်နယ်လွှတ်တော်သည် ယနေ့အထိ ပုံမှန်အစည်းအဝေး (၃) ကြိမ်တိုင် ကျင်းပပြီးစီးခဲ့ပြီး လာမည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးကို ဆက်လက်ကျင်းပရန် ပြင်ဆင်နေသည်။
ပထမအကြိမ်ပုံမှန်အစည်းအဝေးတွင် စစ်အုပ်စု၏ အစိုးရနှင့် လွှတ်တော်အဖွဲ့အစည်းများ ဖွဲ့စည်းရေးကို အဓိကထားဆောင်ရွက်ခဲ့ပြီး ဒုတိယနှင့် တတိယအကြိမ် အစည်းအဝေးများ၌ စုစုပေါင်း မေးခွန်း ၅၅ ခုနှင့် အဆို ၄ ခုကို တင်သွင်းဆွေးနွေးခဲ့ရာ အဆို ၄ ခုလုံးအား အတည်ပြုခဲ့သည်။
အတည်ပြုခဲ့သော အဆို ၄ ခုမှာ –
၁။ လောင်းကစားဝိုင်းများ ပိတ်ပင်တားဆီးရေး။
၂။ ပြည်နယ်အတွင်း ကျယ်ပြန့်လာသည့် အတွဲလိုက် ဆောင်းဘောက်စ်များနှင့် အသံချဲ့စက်များအား စနစ်တကျ အရေးယူရေး။
၃။ အခြေခံပညာကျောင်းများတွင် မွန်တိုင်းရင်းသားစာပေ တိုးမြှင့်သင်ကြားရေး။
၄။ ကျန်းမာရေးဝန်ကြီးဌာန၏ သက်ကြီးကျန်းမာရေးစောင့်ရှောက်မှု (Elderly Clinic) လုပ်ငန်းများ သက်ဝင်လှုပ်ရှားရေး တို့ဖြစ်သည်။
သို့သော်လည်း မြေပြင်တွင် အကောင်အထည်ဖော်သည့် အဆင့်သို့ ရောက်ရှိမလာဘဲ စစ်အုပ်စု၏ အစိုးရအဖွဲ့၌သာ အချိန်အတန်ကြာ ရပ်တန့်နေသည်ကို တွေ့ရသည်။

ပိုတိုးလာသည့် မွန်ပြည်နယ် လောင်းကစားဝိုင်း
ရက်ရှည်လများ တရားဝင်ခွင့်ပြုချက်ရထားသကဲ့သို့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့် မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်းများကို ထိရောက်စွာ တားဆီးပိတ်ပင်ပေးရန် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ဇွန်လ ၁၆ ရက်နေ့ ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။
ဇွန်လ ၁၉ ရက်နေ့က အဆိုကို အတည်ပြုခဲ့သော်လည်း မြေပြင်တွင် လောင်းကစားဝိုင်းများ လျော့နည်းလာခြင်းမရှိသည့်အပြင် လောင်းကစားဝိုင်းများ ပိုမိုများပြား လာသည့်အခြေအနေတွင် ရှိနေသည်။
ကျိုက်မရောမြို့နယ် ကျေးရွာအချို့တွင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ မြေကွက်ဝယ်၍ မိုးလုံလေလုံ လောင်းကစားရုံများ ဖွင့်လစ်ထားခြင်းများလည်းရှိနေကြောင်း IMNA မှ စုံစမ်းမေးမြန်းချက်များအရ သိရသည်။
လောင်းကစားဝိုင်းဖွင့်လှစ်ထားသည့် နေရာအများစုသည် စစ်တပ်ထိန်ချုပ်နယ်မြေအတွင်းဖြစ်သော်လည်း နယ်မြေလုံခြုံရေးအကြောင်းပြ၍ ပိတ်ပင်ရှင်လင်းရန် အဟန့်အတားတစ်ခုအဖြစ် လက်သုံးစကားအဖြစ် ပြောလေ့ရှိသည်။
ထို့ကြောင့် အတည်ပြုထားသည့် လောင်းကစားဝိုင်းအဆိုနှင့် ပတ်သက်ပြီး မြေပြင်တွင် သက်ဆိုင် ရာအစိုးရဌာနများက မည်သို့ အရေးယူဆောင်ရွက်နေသည်၊ မည်သို့ ဆက်လက်အရေးနေသည်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ခြင်း မရှိသေးပေ။
ဥပဒေရှိသော်လည်း အရေးယူခြင်းမရှိသည့် ဆောင်းဘောက်စ်နှင့် အသံချဲ့ အသုံးပြုမှု
ဒုတတိယပုံမှန်အစည်းအဝေး ပထမနေ့ (ဇွန်လ ၉ ရက်) တွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည့် သာရေး၊ နာရေးနှင့် ဘာသာရေးပွဲတော်များ၌ အတွဲလိုက် ဆောင်းဘောက်စ်များ၊ အသံချဲ့စက်များ အလွန်အကျွံ ဖွင့်လှစ်နေမှုကို ထိန်းချုပ်ပေးရန် အဆိုတင်သွင်းခဲ့သည်။
အဆိုပါအဆိုကို ဇွန်လ ၁၂ ရက်နေ့တွင် လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ထောင်ဒဏ်၊ ငွေဒဏ်များ ပါဝင်သည့် ဥပဒေနှင့် ညွှန်ကြားချက်များ တရားဝင် ထွက်ပေါ်လာခဲ့သည်။
အသံဆူညံမှုနှင့် ပတ်သက်၍ ထောင်ဒဏ်၊ ငွေဒဏ် အပါအဝင် ပြစ်ဒဏ်များ သတ်မှတ်သည့် ဥပဒေများ အထင်အရှား ထွက်ပေါ်လာခဲ့သော်လည်း ပွဲလမ်းသဘင်များတွင် အတွဲလိုက် ဆောင်းဘောက်စ်များနှင့် အသံချဲ့စက်များကို အကန့်အသတ်မရှိ ဆက်လက် အသုံးပြုနေကြဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
ဥပဒေ စာရွက်စာတမ်းများ ရှိနေသော်လည်း ပြည်သူတို့၏ အပြုအမူနှင့် မြေပြင်အရှိတရားမှာ အပြောင်းအလဲမရှိဘဲ ဖြစ်မြဲတိုင်း ဖြစ်နေသည်ကို တွေ့ရသည်။
စိန်ခေါ်မှုများနေသည့် မွန်စာပေတိုးမြှင့်သင်ကြားရေး
ဘာသာစကားနှင့် ယဉ်ကျေးမှုကို ပိုမိုထိရောက်စွာ ထိန်းသိမ်းနိုင်ရန်အတွက် မူလတန်းအဆင့် Grade 5 (စတုတ္ထတန်း)အထိ တိုးမြှင့်သင်ကြားခွင့်ပြုရန် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင်ပင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်( ၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်က အဆိုတင်သွင်းခဲ့ရာမှ အတည်ပြုခွင့်ရရှိခဲ့သည်။
အတည်ပြုခဲ့ပြီးနောက် မွန်ပြည်နယ်၊ ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် ရှိ အခြေခံပညာကျောင်းများတွင် မွန်တိုင်းရင်းသားစာပေကို Grade 4 အထိ တိုးမြှင့်သင်ကြားနေပြီး လက်တွေ့အကောင်အထည်ဖော်မှု စတင်နေပြီဖြစ်သည်။
သို့သော် မွန်စာပေသင်ကြားရန် ဆရာ၊ ဆရာမ မလုံလောက်မှုအခက်အခဲကြောင့် Grade 4 အထိသာ စာသင်ခန်းများတွင် တိုးမြှင့်သင်ကြားနိုင်သေးသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“TA/LT ဆရာမတွေ လာလျှောက်တဲ့သူတွေလည်း သိပ်မရှိဘူး။ အဲ့ကြောင့် လာမယ့်ပညာသင်နှစ်မှာ လည်း ကျောင်းအလိုက် Grade-5 အထိ အတန်းတိုးမြှင့်သင်ဖို့ကိုလည်း ဆရာ၊ ဆရာမလိုအပ်ချက်တွေ ရှိနေတယ်။ လက်ရှိတော့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီရဲ့အကူအညီနဲ့ အဆင်ပြေသလို ဆက် လုပ်နေတယ်”ဟု ဆိုသည်။
ထို့ကြောင့် မွန်စာပေသင်ကြားမှုကို Grade 5 အထိ တိုးမြှင့်နိုင်ရေးတွင် သင်ကြားပေးမည့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်ကို စစ်ကော်မရှင်အနေဖြင့် မည်သို့မည်ပုံဖြည့်ဆည်းပေးနိုင်မလဲဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည့်အခြေအနေတွင် ရှိနေသည်။
လာမည့်လွှတ်တော်အစည်းအဝေးတွင်လည်း အတည်ပြုလိုက်ပြီး အကောင်အထည် မဖော်နိုင်သေးသည့် အဆိုများကို လာမည့် လွှတ်တော်အစည်းအဝေးတွင် ပြန်လည်မေးမြန်းသွားမည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်နှင့် နီးစပ်သူများက ဆိုသည်။
လွှတ်တော်ဟူသည် ပြည်သူလူထု၏ အသံကို ဖော်ထုတ်ပေးပြီး ပြည်သူ့အကျိုးပြု မူဝါဒများကို အကောင်အထည်ဖော်ရမည့် ဥပဒေပြုအဖွဲ့အစည်း ဖြစ်သည်။
သို့သော် လက်ရှိ စစ်အုပ်စု လက်အောက်ခံ မွန်ပြည်နယ်လွှတ်တော်၏ လှုပ်ရှားမှုများကို ကြည့်ပါက လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းအတည်ပြုလိုက်သည့် အဆိုများသည် ဟန်ပြအဆင့်ထက် မပိုဘဲ မြေပြင်ခံစားခွင့်နှင့် လုံးဝကင်းကွာနေသည်ကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။
ချုပ်အားဖြင့်ဆိုရသော် စစ်အုပ်စု၏ လွှတ်တော်သည် နိုင်ငံတကာနှင့် ပြည်သူအများအပေါ် တရားဝင်မှုရရှိရန် ဟန်ပြလုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး အတည်ပြုလိုက်သည့် အဆိုများမှာလည်း စက္ကူပေါ်တွင်သာ ရှိနေသဖြင့် မြေပြင်ရှိ ပြည်သူများအတွက် မည်သည့် အကျိုးခံစားခွင့်မျှ ဖြစ်ထွန်းလာခြင်းမရှိသည့် “တံခါးပိတ်ဆွေးနွေးပွဲ” မျှသာ ဖြစ်နေပေသည်။




