Homeသတင်းဒီမိုကရေစီနေ့ သဝဏ်လွှာနဲ့ မိန့်ခွန်းများမှ မြန်မာ့အရေး…

ဒီမိုကရေစီနေ့ သဝဏ်လွှာနဲ့ မိန့်ခွန်းများမှ မြန်မာ့အရေး…

-

မိနွန် (သုံးသပ်ချက်ဆောင်းပါး)

ယနေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ (သို့) နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးဆောင်ပြီး အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတဲ့ အဖွဲ့အစည်းအသီးသီးတို့ကလည်း သဝဏ်လွှာနဲ့ မိန့်ခွန်းတွေ ပြောဆို၊ ပေးပို့ခဲ့တဲ့အကြောင်း ထုတ်ပြန်ကြပါတယ်။

ဒီထုတ်ပြန်ချက်တွေကို တရွက်ချင်းဖတ်ကြည့်လိုက်ရင် လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်း၊ ကမ္ဘာ့ဒီမိုကရေစီ ရေချိန်နဲ့ မြန်မာ့တော်လှန်ရေးရဲ့ ဦးတည်ချက်၊ ဘုံရပ်တည်ချက်တွေအပြင် ကွဲပြားတဲ့ လမ်းကြောင်းဆိုင်ရာ အယူအဆတွေကိုပါ ထင်ဟပ်ဖော်ပြနေပါတယ်။

လက်ရှိ ကမ္ဘာမှာ ရင့်ကျက်ပြီးသား ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် ဒီမိုကရေစီ ကျဆင်းနေတဲ့ “ဒီမိုကရေစီ ဆုတ်ကပ်” နဲ့ ကြုံတွေ့နေရချိန်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ လုံးဝ ရပ်တန့်သွားခဲ့တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းမှာ ဖတ်ရှုခဲ့ရပါတယ်။

အဲဒီနောက် … ယာယီသမ္မတရဲ့ မိန့်ခွန်းအရ သက်တမ်းအားဖြင့် (၅) နှစ်ကျော်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးဟာ ၁၉၈၈ ခုနှစ် “လူထုဒီမိုကရေစီလှုပ်ရှားမှု” ထက် ပိုမိုကျယ်ပြန့်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ လှုပ်ရှားမှု” အဖြစ်သို့ ကူးပြောင်းလာနေပြီဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ဟန်ပြပွဲတွေဟာ စစ်အာဏာ တည်မြဲရေး လှည့်ကွက်မျှသာ ဖြစ်ပြီး မြန်မာ့အနာဂတ်ကို သေနတ်၊ စစ်အင်အားနဲ့ မဟုတ်ဘဲ ပြည်သူလူထုရဲ့ ဆန္ဒနဲ့သာ ဆုံးဖြတ်ရမယ့်အပြင် “အာဏာဟာ ပြည်သူ့ထံမှ လာတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုးရိုးဒီမိုကရေစီမျှ မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု” ကို တည်ဆောက်ရမယ်လို့ လက်ခံထားပါတယ်။

ဒါကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် ခိုင်မာတဲ့ မူဝါဒလမ်းကြောင်းတွေနဲ့ စုစည်းဆောင်ရွက်နေတယ်ဆိုပြီး အသိပေးထားတာကို တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD-CWC)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ကော်မတီ (NLD-CWC) က ဒေါ်အောင်ဆန်းစုကြည် ချမှတ်ခဲ့တဲ့လမ်းစဥ်အတိုင်းပဲ အင်အားသုံး ဖြေရှင်းတာထက် တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထားပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ဟာ အနာဂတ် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးမှာ လျစ်လျူရှုလို့မရတဲ့ အခြေခံဖြစ်ကြောင်း ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်မှု လျှော့ချရေးနဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေးကို ဦးစားပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ ကျင်းပနိုင်ရုံမျှမကဘဲ ပြည်သူများ ပါဝင်ဆုံးဖြတ်နိုင်ခွင့်နဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းများ ခိုင်မာရေး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမိုကရေစီကို တော်လှန်ရေး အောင်ပွဲရမှ ကျင့်သုံးရမယ့်အရာ မဟုတ်ဘဲ တော်လှန်ရေးကာလအတွင်းမှာပဲ ပါဝင်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တန်းတူညီမျှမှုတို့နဲ့ လက်တွေ့ကျင့်သုံးဖို့ အရေးကြီးကြောင်း ထောက်ပြထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးတိုင် ဖျက်သိမ်းရေးနဲ့ စစ်အာဏာရှင်စနစ် အပြည့်အဝ ချုပ်ငြိမ်းရေးကို ဦးတည်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေအကြား “သူတစ်လူ ငါတစ်မင်း” စိတ်ဓာတ်မထားဘဲ ဘုံရည်မှန်းချက်နဲ့ စည်းလုံးကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးတာဝန် (အမာ) နဲ့ တည်ဆောက်ရေးတာဝန် (အနု) တို့ကို ဒွန်တွဲ၍ မောင်းနှင်သွားရေး၊ KIO, KNU, CNF, KARENNI, CRPH, NUG တို့နဲ့ ၂၀၂၆ မတ်လမှာ စတင်ဖွဲ့စည်းခဲ့တဲ့ SCEF တပ်ပေါင်းစုရဲ့ ခေါင်းဆောင်မှုနောက်ကို တညီတညွတ်တည်း ချီတက်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ဖို့အတွက် SCEF လို့ခေါ်တဲ့ “တပ်ပေါင်းစုသဏ္ဍန်” တော်လှန်ရေးတပ်ဦးတစ်ခုကို အတူတကွ ဖော်ဆောင်နေကြတယ်လို့ NUG ယာယီသမ္မတက ပြောဆိုပါတယ်။

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ သဝဏ်လွှာနဲ့ မိန့်ခွန်းတွေကနေတစ်ဆင့် မြန်မာ့အရေးကို သုံးသပ်ရရင်…

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးမှာ အားလုံး သဘောထား တူညီကြသော်လည်း NLD က တွေ့ဆုံဆွေးနွေးရေးနဲ့ ၂၀၂၀ ရွေးကောက်ပွဲမူကို အဓိက ဆုပ်ကိုင်ထားဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ SCEF/ NUG တို့ကမူ တပ်ပေါင်းစု ခေါင်းဆောင်မှုနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်ရေးနဲ့ တည်ဆောက်ရေးတို့ကို ဒွန်တွဲဆောင်ရွက်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနေကြတာ တွေ့ရပါတယ်။

မည်သို့ဆိုစေ ထုတ်ပြန်ချက်တွေ ထုတ်ရုံမျှနဲ့ မလုံလောက်ဘဲ တော်လှန်ရေး အင်အားစုတွေအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်တာ၊ ဒီမိုကရေစီ စံနှုန်းများကို ကိုယ်တိုင် လက်တွေ့ကျင့်သုံးတာနဲ့ စုပေါင်းခေါင်းဆောင်မှုတို့ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ဖော်ဆောင်နိုင်မှပဲ ပြည်သူတွေ မျှော်လင့်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တကယ်ပေါ်ထွန်းလာမှာဖြစ်ကြောင်း…။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts