Homeသတင်းကုန်တင်ယာဉ်များ အစုလိုက် ဖမ်းဆီးမှုဖြစ်ပြီးနောက် ဘုရားသုံးဆူတွင် ထိုင်းကုန်ပစ္စည်များသောင်တင်

ကုန်တင်ယာဉ်များ အစုလိုက် ဖမ်းဆီးမှုဖြစ်ပြီးနောက် ဘုရားသုံးဆူတွင် ထိုင်းကုန်ပစ္စည်များသောင်တင်

-

မွန်ပြည်နယ်၊ ကျိုက်မရော-မော်လမြိုင် လမ်းပိုင်း၌ ထိုင်းကုန်ပစ္စည်းများ တင်သွင်းလာသည့်ယာဉ်များ အစုလိုက် ဖမ်းဆီးခံရမှုဖြစ်ပြီးနောက် ကုန်ပစ္စည်းအတက်အဆင်း မရှိသလောက်နည်းသွားပြီး ဘုရားသုံးဆူတွင် ကုန်များ သောင်တင်နေကြောင်း မြိုခံနှင့် ယာဉ်မောင်းများက ပြောသည်။

ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ် အစီး ၆၀ နီးပါးကို စက်တင်ဘာ ၅ ရက်နေ့ စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအဖွဲ့က မော်လမြိုင်နှင့် ကျိုက်မရောလမ်းပိုင်းတွင် ဖမ်းဆီးမှုလုပ်ဆောင်ခဲ့ပြီး ယာဉ်မောင်းနှင့် ကုန်သည်အချို့ လက်ရှိတွင် အမှုနှင့်ရင်ဆိုင်နေရသည်။

အစုလိုက် ဖမ်းဆီးမှုဖြစ်ပွားသည့်ရက်ကပင် ကုန်တင်ယာဉ်အချို့ ဘုရားသုံးဆူမြို့သို့ လှည့်ပြန်သူများရှိသလို အဖမ်းအစီးကြောင့် ပစ္စည်းတင်ပို့မှုရပ်တန့်နေသဖြင့် ထိုင်းထုတ်ကုန်ပစ္စည်းမျိုးစုံ သောင်တင်နေသည်ဟု ဘုရားသုံးဆူ− မော်လမြိုင် ယာဉ်မောင်း အမျိုးသားတစ်ဦးက ဆိုသည်။

“ကျနော်တို့က ဘုရားသုံးဆူ ပြန်ရောက်နေပြီး။ လမ်းမှာ ပစ္စည်းတွေ ချခဲ့တယ်။ ရွာကအိမ်တွေမှာ အကူအညီတောင်းပြီးတော့နော် ချခဲ့တယ်။ အချို့ကုန်သည်မှာဆို မှာထားတဲ့ပစ္စည်းတွေ ပြန် cancel လိုက်ရတယ်။ အချို့က သုံးဆူမှာပဲ ပြန်ချထားရတာ။” ဟု ပြောသည်။

ထို့ကြောင့် အငှားမောင်းယာဉ်များအနေဖြင့် လမ်းတစ်ဝက်တွင် ပစ္စည်းပျောက် ပျက်စီးမည်ကို စိုးရိမ်ပြီး ကုန်များနှင့်အတူ ရက်ရှည်ကြာ စောင့်နေရသောကြောင့် ဆုံးရှုံးမှုများစွာရှိကြောင်း သိရသည်။

ဖမ်းဆီးမှု လုပ်ဆောင်သည့်ရက်မှစ၍ စံပယ်ဂူဂိတ်တွင် ကုန်တင်ယာဉ်ဖြတ်သန်းခွင့်ကို တစ်ပတ်ခန့် ကန့်သတ်ပိတ်ပင်ထားသည်ဟု သိရသည်။

၆ ဘီး၊ ၁၀ ဘီးယာဉ်များ သွားလာမှုနည်းသော်လည်း ဝန်ပေါ့ကားများဖြင့် မုဒုံ−အဘစ်လမ်းကြောင်းတစ်လျှောက် ခရီးသည်များနှင့်ကုန်အနည်းငယ်ကိုသာ တင်ဆောင်နေနေကြောင်းလည်း မျက်မြင်ဒေသခံများက ဆိုသည်။

“သူတို့ ခနနားထားကြတယ်လို့ ပြောကြတယ်။ ၁၀ ဘီးတို့ ၆ ဘီးတို့က နားထားကြတယ်။ ကားအသေးတွေပဲ မုဒုံ−အဘစ်လမ်းဘက်ကို ကုန်တင်နေတာတွေ့တယ်။ ဟိုမှာ ရောက်လားမရောက်လားတော့ မသိဘူး။” ဟု ဘုရားသုံးဆူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမှ ထိုင်းကုန်တင်ပစ္စည်းတင်ပို့နေသည့် ယာဉ်များ ကြားအင်ဆိပ်ကြီး-မုဒုံလမ်းပိုင်းတွင် အဓိက သွားလာနေသော်လည်း ရေကြီးကာလအတွင်း စံပယ်ဂူလမ်းကို အဓိကအသုံးပြုသွားလာနေသည်။

တစ်ဖက်တွင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ထိုင်းကုန်စည်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် ဆက်တိုက်ဖမ်းဆီးနေကြပြီး မွန်ပြည်နယ်တွင် အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် အိမ်ဆောက်ပစ္စည်းများကို ထိုင်းနိုင်ငံမှ အဓိက တင်သွင်းနေပြီး ထိုင်းမှတရားမဝင်ကုန်များ ဖမ်းဆီး၍ ကုန်ဈေးနှုန်းရုတ်တရက် မြင့်တက်လာပြီး ကုန်ပစ္စည်းပြတ်မည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts