တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိလာသည်။
ထို့အတူ စစ်အုပ်စုဘက်က ထားဝယ်ရေနက်ဆိပ်ကမ်း ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုများ ရှိနေခြင်းကြောင့် စစ်ရေးပဋိပက္ခများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းကတည်းက စစ်အုပ်စုက အင်အားထောင်ဂဏန်းအသုံးပြု၍ စစ်ကြောင်းထိုးမှုများ တောက်လျှောက်ရှိနေကြောင်း FE5 Tanintharyi အဖွဲ့မှ အယ်ဒီတာ ကိုဇော်က ပြောသည်။
“လက်ရှိမှာတောင်ပဲ စီမံကိန်းဧရိယာနဲ့ ဆက်စပ်ဧရိယာဒေသတွေကို စစ်ကြောင်းထိုးတာတွေက အရင်နှစ်တွေထက် ပိုများလာသလိုပဲ၊ အသုံးပြုတဲ့ အင်အားတွေကလည်း အရင်ကထက် ပိုများလာတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက စပြီးတော့ အင်အားထောင်ဂဏန်းအထိ သုံးပြီးတော့ စစ်ကြောင်းထိုးတာတွေက တောက်လျှောက်ရှိနေတယ်။ ဒါကြောင့်မို့ပဲ လာမယ့် ပွင့်လင်းရာသီ ရောက်မယ်ဆိုရင်တော့ စစ်ကြောင်းထိုးတာတွေ၊ တိုက်ပွဲတွေကတော့ ပိုများလာမယ်လို့ မြင်မိတာပေါ့နော်” ဟု ပြောသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်သူလူထုအတွက် အကျိုးနည်း၍ ဒေသခံတို့၏ လူမှုဘဝ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ကာ စစ်အုပ်စုသက်ဆိုးရှည်စေမည့် စီမံကိန်းဖြစ်သည့်အတွက် အတတ်နိုင်ဆုံး တုံ့ပြန်သွားမည်ဟု ပြောကြားထားကြောင်း ၎င်းက ဆက်ပြောသည်။
ယခင်အရပ်သားအစိုးရလက်ထက်ကတည်းက ဒေသခံများအနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံရကြောင်း၊ ထို့ကြောင့် လက်ရှိ စစ်အုပ်စုအုပ်ချုပ်နေသည့်ကာလမျိုးတွင် ဒေသခံများ၏ နစ်နာဆုံးရှုံးမှုနှင့် ဆိုးကျိုးများ ပိုမိုခံစားရမည်ဖြစ်ကြောင်း ဆိုသည်။
စစ်အုပ်စုဘက်က ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေးအကြောင်းပြ၍ စစ်ကြောင်းထိုးနေမှုကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုဘက်က ၁၅ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
ထားဝယ်ဒေသခံတစ်ဦးက “ဟုတ်တယ်၊ စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်” ဟု အတည်ပြုပြောကြားခဲ့သည်။
တနင်္သာရီတိုင်းအတွင်း ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရုရှားနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသလို ထိုင်းနိုင်ငံကလည်း အဆိုပါစီမံကိန်းတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
လတ်တလောတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဆက်သွယ်ထားသည့် လမ်းပိုင်းအချို့တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိသလို စစ်ရေးဂိတ်များလည်း တိုးလာကြောင်း၊ ထို့ကြောင့် ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးဇုန်တို့ ပြန်လည်ဖော်ဆောင်ရန် အခက်အခဲရှိနိုင်ကြောင်း မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“သူနယ်မြေရှင်းလင်းရေး သူလုပ်တာကတော့ လုပ်ကောင်းလုပ်နိုင်တာပေါ့၊ သို့သော်လည်းပဲ ခဏတာ နယ်မြေရှင်းလင်းရေးလုပ်ပြီးရင် အမြဲတမ်း အေးအေးချမ်းချမ်း တည်ငြိမ်ဖို့အတွက်ကရော တာဝန်ယူပြီး ဘယ်လို ဆက်ထားမလဲပေါ့၊ အဲဒါလည်း အရေးကြီးတယ်လေ။ ဥပမာအားဖြင့် နယ်မြေရှင်းလင်းတဲ့အချိန်မှာပဲ ခဏအေးသွားတယ်၊ မကြာခဏ ထပ်ဖြစ်တယ်၊ ထပ်ဖြစ်ပြီးရင် တအုံနွေးနွေးနဲ့ အဲဒီဒေသဟာ စိတ်ပူပန်နေရတဲ့ ပုံစံမျိုးရှိနေရင်တော့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့ အခက်အခဲကတော့ ရှိနေဦးမှာပေါ့” ဟု ပြောသည်။
ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရုရှားနိုင်ငံသို့ သွားရောက်၍ သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ ရေနက်ချက်စက်ရုံအပြင် အခြားသော စက်မှုလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့သည်။
အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဒေသခံ ၄ သောင်းခန့် နေထိုင်ပြီး စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရကြောင်း ကိုဇော်က ဆက်ပြောသည်။
“အဲဒီစီမံကိန်းဧရိယာမှာက လူလေးသောင်းလောက်နေတယ်ပေါ့နော်။ သူတို့သည် စာရွက်ပေါ်က လက်မှတ်တစ်ခုအတွက် တစ်ချိန်လုံး စစ်ကြောင်းထိုးခံနေရပြီးတော့ ပြေးနေရတယ်ပေါ့နော်။ ဒါသည် ဒေသခံတွေအတွက်က မတရားဘူးပေါ့နော်။ စီမံကိန်းလို့ပြောလိုက်ရင် အများအားဖြင့် အကျိုးအမြတ်ရှုထောင့်ကပဲ ကြည့်လေ့ရှိတယ်ပေါ့နော်။ လူထုတွေ ခံစားရတဲ့ ရှုထောင့်ကလည်း ကြည့်ဖို့လိုတယ်” ဟု ပြောသည်။
လက်ရှိ စီမံကိန်းနယ်မြေတွင် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများ ရှိနေသလို စစ်အုပ်စုဘက်ကလည်း စစ်အင်အားဖြည့်တင်းမှုများ၊ စစ်ကြောင်းထိုးမှုများလည်း ရှိနေသည်ဟု သိရသည်။




