မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါးကြာလာပြီး ကျေးရွာအချို့တို့တွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်ကြောင်း အကူအညီများလည်း လိုအပ်နေသည်ဟု ဒေသခံတို့က ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် အတ္ထရံမြစ်ရေ ပြန်ကျလာသော်လည်း ကျေးရွာအများစုတို့တွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်ပြီး အကူအညီများလည်း လိုအပ်နေသည်ဟု ဒေသခံတို့က ပြောသည်။

“ရေပြန်ကျတယ်ဆိုပေမယ့် မြစ်တဲ့နီးတဲ့ ရွာတွေအများစုကတော့ ရေမြုပ်နေတုန်းပါပဲ။ ရေတက်နေတာ ရက် ၂၀ ကျော်လာပြီးလေ။ ရက်ကြာလာတော့ စားစရာတွေလည်း အခက်အခဲရှိလာတယ်။ ရေစတက်တုန်းကတော့ ရေသန့်တို့ စားစရာတို့ လာလှူတာရှိတယ်။ အခု ရေကျသွားပြီးဆိုပြီ လာလှူတာလည်း မရှိသလောက်ဖြစ်သွားတော့ ပိုပြီး ခက်ခဲလာတယ်” ဟု ကျိုက်မရောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တဘက်မှာလည်း အတ္ထရံမြစ်ရေ ပြန်ကျသွားသည့်အတွက် ယာယီပြောင်းရွှေ့နေသူများ နေအိမ်ပြန်ကြရန်နှင့် ယာယီပိတ်ထားသည့် စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများ ပြန်ဖွင့်လှစ်ရန် ပြည်နယ် စစ်အစိုးရက ဖိအားပေးနေသည်လည်း ရှိသည်။
ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်သည့်အတွက် ရွှေ့ပြောင်းထားရသူများ နေအိမ်ပြန်ရန်၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အဆင်မပြေသေးသည့်အခြေအနေ ရှိနေသည်။
အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် ကျိုက်မရောမြို့ပေါ်ရပ်ကွက်များနှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ ဦးလေး၊ နိတုံ၊ ဘိန်းဗျော၊ ရေပူ၊ မယ်ကရို၊ ကွမ်းငန်၊ အတ္တရံ၊ ဖနုံ၊ လမုခို၊ လှာကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင်၊ ရေပူကော့စပ် အစရှိသည့် ကျေးရွာ ၃၀ ကျော်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၆၀၀၀ ကျော် ရေမြုပ်ပြီး၊ လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်ခဲ့ရသည့်အပြင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀ ကျော်လည်း ယာယီပိတ်ထားခဲ့ရသည်။
ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်တို့က သောက်သုံးရေ၊ အစားအသောက်များ ကူညီလှူဒါန်းမှုရှိသော်လည်း စစ်အစိုးရဘက်က ကူညီထောက်ပံ့မှု တစုံတရာပြုလုပ်ပေးခြင်း မရှိဘူးလို့ ဒေသခံတို့ထံမှ သိရသည်။




