မွန်ပြည်နယ်၊ ရေးမြောက်ပိုင်း ကျေးရွာအချို့တွင် စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့မှ့ ၎င်းတို့ စစ်ကြောင်းထိုးသွားလာရာ၌ အသုံးပြုရန် လိုင်စင်မဲ့မော်တော်ယာဉ်ရှိနေအိမ်များကို စာရင်းကောက်ယူထားကြောင်း သိရသည်။
တော်လှန်ရေးအင်အားကောင်းသည့် ရေးမြို့နယ်အတွင်း စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့ မကြာခဏဝင်ရောက်နေပြီး ထိပ်တိုက်တွေ့ဆုံသည့် ဒေသခံများ၏ မော်တော်ယာဉ်များကို အဓမ္မချောဆွဲအသုံးပြုလေ့ရှိသည်။
ယခုတွင်လည်း ရေးမြောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှုးများထံ လိုင်စင်မဲ့မော်တော်ယာဉ်များရှိသည့် နေအိမ်အရေအတွက်ကို လာရောက်မေးမြန်းပြီး စာရင်းရယူထားသည်ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

“သူတို့ယူတဲ့ကားကတော့ Without ကားတွေကြီးပဲ။ ရွာထဲမှာ စာရင်းတွေ လိုက်ကောက်ထားတယ်၊ ဘယ်သူ့ အိမ်မှာ ကားတွေရှိလဲဆိုတာ၊ အဲ့ဒီကားတွေကို တစ်လှည့်စီယူပြီး အသုံးပြုဖို့ဖြစ်မှာပေါ့လေ”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် စစ်ကော်မရှင်စစ်ကြောင်းအတွက် ယာဉ်များ အလှည့်ကျ ပေးဆောင်ရမည်ကို ဒေသခံယာဉ်ပိုင်ရှင်များ စိုးရိမ်နေကြသည်။
အရပ်သားများထံ ချောဆွဲလာသည့် ယာဉ်များသည် နှစ်ဖက်ပစ်မှုနှင့် ကြာဖြတ်တိုက်ခိုက်ခံရမှုများကြောင့် ပျက်စီးဆုံးရှုံးရသည့်အပြင် ရက်ပေါင်းများစွာ ကြာသည်အထိ ပြန်မပို့သဖြင့် ယာဉ်ပိုင်ရှင်များ စိုးရိမ်ပူပန်နေကြရသည်။
ယခင်ကပင် ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးနေစဉ် လမ်းတွင် မောင်းနှင်လာခြင်း(သို့) ရပ်နားထားသည့် မော်တော်ယာဉ်များကို တားဆီး၍ လိုက်ပါစီးနင်းရန်နှင့် အသုံးပြုခွင့်ပေးရန် တောင်းဆိုလေ့ရှိသည်။
“လိုင်းကားတွေရော၊ သာမန်ကားတွေပဲ လိုက်စီးကြတာပဲ။ ကားသမားတွေကလည်း မပေးစီးလို့ မရဘူး လေ၊ မပေးစီးရင်လည်း ရန်ရှာဦးမယ်။ ပေးစီးပြီးရင်လည်း တော်လှန်ရေးအဖွဲ့တွေကို ကြောက်ရတယ်”ဟု ခရီးသွားလာသည့် ဒေသခံတစ်ဦးက ပြောသည်။
အများပြည်သူပိုင်သည့်ယာဉ်များကို စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့မှ မဲနှိုက်၍လည်းကောင်း၊ အလှည့်ကျဖြင့်လည်းကောင်း၊ အဓမ္မနည်းဖြင့်လည်းကောင်း ချောဆွဲအသုံးပြုလေ့ရှိသည်။
ရေးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းထိုးသွားလာနေသည့်အချိန်တွင် ဒေသခံများ၏ သွားလာရေးအခက်အခဲများကြုံတွေ့နေရသည်အပြင် လုံခြုံရေးအခြေအနေများအပေါ်လည်း သက်ရောက်မှုများ ရှိနေသည်ဟု သိရသည်။
ပုံစာ-အရပ်သားကား ချောဆွဲလာသည့် စစ်အာဏာရှင်တပ် ရေဖြူ၊ ဘုရားသုံးဆူရွာတွင် မိုင်းဆွဲခံရစဉ် (Crd ရေးဘီလူး)




