Homeသတင်းမွန်ပြည်နယ်တွင် ၆ လအတွင်း HIV ကူးစက်သူ သောင်းချီမြင့်တက်လာ

မွန်ပြည်နယ်တွင် ၆ လအတွင်း HIV ကူးစက်သူ သောင်းချီမြင့်တက်လာ

-

မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ်၊ ပထမ ၆ လတာကာလအတွင်း HIV ရောဂါ ကူးစက်ခံရသူအသစ် သောင်းနှင့်ချီ မြင့်တက်လာကြောင်း ပြည်သူ့ကျန်းမာရေးဌာန၏ အချက်အလက်များအရ သိရသည်။

အာဏာမသိမ်းခင် ၂၀၂၀ ကာလများတွင် တစ်နှစ်မှ ထောင်ဂဏန်းအထိသာ ကူးစက်ခံရသူအသစ်များ တွေ့ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် HIV ပိုးကူးစက်မှုနှုန်းမှာ ပိုမိုမြင့်တက်လာကြောင်း HIV အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

မွန်ပြည်နယ်တွင် HIV အရေးကူညီနေသူတစ်ဦးက “မွန်ပြည်နယ်က ပြန်ကြည့်လိုက်ရင် ရာခိုင်နှုန်းအားဖြင့် နည်းနည်းပဲပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့က နယ်စပ်လေ။ ဟိုဘက်မှာ ကရင်ပြည်နယ်၊ ကရင်ပြည်နယ်ပြီးရင် မဲဆောက်လေ။ အဲ့ဒီကနေ ပြန်လာပြီး အလုပ်လုပ်တဲ့သူတွေ ပြန်လာကြတာ ထိကြတာ။ ဒီက လူငယ်တွေလည်း ထိကြတာ။ အဲ့ဒါကြောင့် ရာခိုင်နှုန်းအားဖြင့် မြင့်နေတာပေါ့။ ဟိုတစ်လောက မီတင်တက်တဲ့အခါကျတော့ ၆ လ တစ်ကွာတား (Quarter) မှာ သောင်းဂဏန်းထိ တက်သွားတယ်လို့ ပြောတယ်” ဟု ပြည်သူ့ကျန်းမာရေးဌာန၏ အချက်အလက်များကို ကိုးကားပြီး ပြောသည်။

သို့သော် ပြည်နယ်ကျန်းမာရေးဌာနက HIV ပိုးကူးစက်မှုနှုန်း မြင့်တက်လာကိုသာ ချပြပြီး ကိန်းဂဏန်းအတိအကျကိုတော့ ချပြတာမရှိဘူးလို့ ဆိုသည်။

မွန်ပြည်နယ်တွင် အာဏာသိမ်းပြီးနောက် Bar၊ Club၊ KTV စသည့် နေရာသစ်များ ပိုမိုဖွင့်လှစ်လာသလို “Happy Water” နှင့် “Ice” ကဲ့သို့ မူးယစ်စေသော ဆေးဝါးများကို လွယ်လွယ်ကူကူ ဝယ်ယူနိုင်သည့် အခြေအနေများ ဖြစ်လာသည်။

“မူးယစ်ဆေးကတော့ အလွန်ကို ဆိုးဝါးနေပါပြီး လူငယ်၊ လူကြီး၊ ကျောင်သားတွေကိုပါ ကူးစက်နေပြီး၊ လမ်းပေါ် လေ့လွင့်ကလေးတွေဆိုရင် ကော်ရှူနေကြတာများနေပြီး ယခင်က အမျိုးသားများသာ အသုံးပြုကြတာများတယ်။ အခုကတော့ အမျိုးသမီးငယ်တွေကပါ အသုံးပြုနေကြတယ်။ အထူးသဖြင့် KTV လို နေရာမျိုးက အလွန်ပေါ်တယ်လို့ ပြောလို့ရသလို ပြင်ပတွင်လည်း အလွယ်တကူဝယ်လို့ရနေတဲ့ အခြေအနေပါ” ဟု မွန်ပြည်နယ် ဒေသခံတစ်ဦးက ပြောသည်။

လူငယ်များအကြား “Night Life” ဟု ခေါ်သည့် ညပိုင်းဖျော်ဖြေရေးတွင် မူးယစ်ဆေးဝါးများ သုံးစွဲကာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများ ပြုလုပ်လာခြင်းကြောင့် HIV/AIDS ရောဂါ ကူးစက်မှုအန္တရာယ် နေ့စဉ် မြင့်တက်လာနေကြောင်း HIV/AIDS အရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။

အခြားတဘက်တွင် အာဏာသိမ်းအစိုးရအဖွဲ့က HIV ဝေဒနာရှင်များအတွက် နေ့စဉ်သောက်သုံးရသည့် ART ဆေးထုတ်ပေးမှုကို အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ NGO နှင့် INGO များထံမှ ထုတ်ပေးမှုကို ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စတင်ကန့်သတ်ခဲ့သည်။

ထိုကန့်သတ်ချက်ကြောင့် ဆေးလွယ်လွယ်ကူကူထုတ်ပေးနေသည့် ဆေးခန်းများ ပိတ်သွားခဲ့ပြီး ကူးစက်ခံရသူများအနေဖြင့် အစိုးရကျန်းမာရေးဌာနထံ သွားရောက်တန်းစီကာ ဆေးထုတ်ယူနေကြရသည်။

အစိုးရကျန်းမာရေးဌာနထံ ဆေးထုတ်နေရခြင်းကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါက်ကြားမည်ကို စိုးရိမ်၍ ဆေးမစစ်သူများ၊ ဆေးလာမထုတ်သူများပင် ရှိနေကြောင်း HIV အရေး ကူညီသူများက ပြောသည်။

ထိုကဲ့သို့ ဆေးလာမစစ်သူများ ရှိနေသ၍ ယခု စစ်ဆေးရရှိသည့် HIV ပိုးကူးစက်မှုနှုန်းထက်ပင် ပိုများနေနိုင်ကြောင်း သတိပေးမှုများလည်းရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts