မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။
ကျိုက်ထိုမြို့ အခြေစိုက် စစ်ကော်မရှင် တပ်မ (၄၄) မှ ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်က ညောင်ထောက်ရွာဘက်ကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သည်။
စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး နေရာတွင်ပင် သေဆုံးသွားခဲ့ပြီ၊ အသက် ၄၀ ကျော် မိခင်ဖြစ်သူလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“လက်နက်ကြီးကျလို့ ၁၀ နှစ်အရွယ် ခလေးက သေဆုံးသွားတယ်။ ခလေးအမေလည်း ဒဏ်ရာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် ညောင်ထောက်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဇီးပြောင်းကျေးရွာ စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် KG ကျောင်းသားလေး ၁ ဦး သေဆုံးသွားပြီး၊ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကော်မရှင်တပ်က လူနေကျေးရွာများထဲကို လေကြောင်းတိုက်ခိုက်၊ လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေပြီး လူထိခိုက်သေဆုံးမှု၊ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်နေခြင်းကြောင့် အရပ်သား ထိခိုက် သေဆုံးမှု၊ လူနေအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။




