Homeသတင်းထားဝယ်ရေနက်ဆိပ်ကမ်း၌ စစ်ရေးလှုပ်ရှားမှုများလာ၍ ဒေသခံများ သတိရှိရန် တော်လှန်ရေးတပ်ဖွဲ့များ သတိပေး

ထားဝယ်ရေနက်ဆိပ်ကမ်း၌ စစ်ရေးလှုပ်ရှားမှုများလာ၍ ဒေသခံများ သတိရှိရန် တော်လှန်ရေးတပ်ဖွဲ့များ သတိပေး

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်ကော်မရှင်စစ်ကြောင်းများ ပြန်လည်ထွက်ခွာခဲ့သော်လည်း အချိန်မရွေး ပြန်လည်ထိုးဝင်လာသဖြင့် ဒေသခံများ သတိရှိရန် မြေပြင် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းကို အလျင်အမြန် အကောင်အထည်ဖော်လိုနေသည့် စစ်တပ်အဖွဲ့သည့် ဆိပ်ကမ်းအတွင်းရှိ ယာယီစခန်းနေရာတွင် စစ်အင်အား ၂၀၀ ကျော်ထားရှိထားပြီး အနီးတစ်ဝိုက်ရှိ ကျေးရွာများဘက်သို့ အလှည့်ကျ စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ နှင့် ၂၂ ရက်နေ့က အင်အား ၆၀ ခန့်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းက ဝက်ချောင်းကျေးရွာဘက်သို့ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စခန်းနေရာသို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ် (TPLF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ အင်အားသုံးပြီး နယ်မြေရှင်းလင်းတာကို သူတို့ အဓိကလုပ်နေတယ်။ အရင်တုန်းကတော့ အဲစခန်းနေရာကို အင်အား ၂၀၀၊ ၃၀၀ လောက် လာလိုက်၊ ပြန်ထွက်သွားလိုက်ပေါ့။ ပြီးတော့ ၆ လ၊ ၈ လ၊ တစ်နှစ်ပေါ့၊ အချိန်အဲလောက်ကြာမှ တစ်ခါပဲ လာတာ။ အခုက တစ်လအတွင်းကို ၃ ခါလောက် ဝင်တယ်။ အခု ပြန်ဆုတ်သွားပေမဲ့ ထပ်လာမှာပဲ။” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်စစ်ကြောင်းက ဧကနိ၊ ဝဇွမ်းတော၊ ဝက်ချောင်း၊ ခမောက်ချောင်းကျေးရွာတွင် စစ်ကြောင်းထိုးစဉ် တပ်စွဲလေ့ရှိပြီး အခြားကျေးရွာဘက်ကိုလည်း နယ်မြေရှင်းလင်းရန် လှုပ်ရှားသွားလာလျက်ရှိကြောင်းလည်း ဆိုသည်။

တိမ်းရှောင်နေသည့် ဒေသခံအချို့က နေရပ်ပြန်ဝင်လာကြသော်လည်း အများစုက တောတောင်၊ ဥယျာဉ်များတွင်သာ ဆက်လက်နေထိုင်နေကြသည်ဟု အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

“အဓိကကတော့ ဝဇွမ်းတော၊ ဧကနိနဲ့ အနီးတစ်ဝိုက်ရွာတွေကို အဓိကထားပြီးတော့ စစ်ကြောင်း ထိုးလေ့ရှိတယ်။ ပြီးတော့ အခြားရွာတွေကို လှည့်ပတ်သွားလာနေတာပေါ့။ အဲကြောင့် စစ်ရှောင် ထောင်ချီကတော့ ရှိနေတယ်။ အမြဲတမ်းစစ်ရှောင်ရတာတော့ မဟုတ်ဘူးပေါ့နော်။ အဲလိုမျိုး သူတို့ စစ်ကြောင်းထွက်ရင် ခနတစ်ဖြုတ်တော့ ပြန်ဝင်ရဲတယ်ပေါ့” ဟု ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စတင်ချိန် နီးကပ်လာပြီး ဖြစ်သည့်အတွက် ယခုနှစ်ဝက်ပိုင်းမှစတင်ပြီး နယ်မြေရှင်းလင်းနိုင်ရေး စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်မှုများ အရှိန်မြှင့်လာနေခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

ရုရှားမှ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံကို တည်ဆောက်ရန်စီစဉ်ထားကြောင်းနှင့် လိုအပ်သည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သြဂုတ် ၂၃ ရက်နေ့တွင် စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောဆိုထားသည်။

၂၀၂၆ ခုနှစ် ဇွန်လတုန်းက စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်ရှိထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts