Homeသတင်းထိုင်းမွန်မျိုးနွယ်စုများ တရားဝင် မှတ်ပုံတင်ခွင့်ရရေး ပြင်ဆင်ဆောင်ရွက်

ထိုင်းမွန်မျိုးနွယ်စုများ တရားဝင် မှတ်ပုံတင်ခွင့်ရရေး ပြင်ဆင်ဆောင်ရွက်

-

ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေး မွန်လူမျိုးစုများ အားလုံးပါဝင်သည့် ဗဟိုအဖွဲ့အစည်းအသစ်တစ်ရပ်ကို ဖွဲ့စည်းပြီး အခြား လိုအပ်သည့် လုပ်ငန်းစဉ်များကို ထိုင်းမွန်များ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်က ထိုင်းအစိုးရမှ အသိမှတ်ပြုထားသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ လူနေမှုဘဝ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဥပဒေအတိုင်း မှတ်ပုံတင်နိုင်ရန် အယုဒ္ဓယခရိုင်၊ ဘန်ဘောမြို့နယ်ရှိ ဆိုင်းနွိုင်း Homestay တွင် သြဂုတ် ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ မွန်အဖွဲ့အစည်းများ ပါဝင်သည့် ဗဟိုအဖွဲ့အစည်းအသစ်တစ်ရပ်ကို ဖွဲ့စည်းပြီး အဖွဲ့အတွင်း ပါဝင်မည့် မွန်လူမျိုးကိုယ်စားပြု ကိုယ်စားလှယ်များကိုရွေးချယ်ခဲ့သည်ဟု ဘန်ကောက်မွန်လူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီအစည်းအဝေးက အရေးကြီးတယ်လို့ ပြောရမယ်။ ဗဟိုအဖွဲ့ဖွဲပြီး မွန်လူမျိုးနာမည်နဲ့ တရားဝင် မှတ်ပုံတင်ဖို့ ကိုယ်စားပြုအဖွဲ့တွေထဲမှာ ၁၅ ဦးနဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီး ကောင်စီရဲ့တာဝန်၊ ဝတ္တရားတွေ ဘယ်လိုရှိလဲ၊ အခွင့်အရေး ဘယ်လိုရှိလဲဆိုတာကို အစည်းအဝေးကနေတစ်ဆင့် ရှင်းပြသွားမှာ။ မှတ်ပုံတင်ပြီးရင် တိုင်းရင်းသားတွေအတွက် စောင့်ထိန်းရမဲ့ ဥပဒေတွေရှိလာမယ်။ ” ဟု ၎င်းကပြောသည်။

ကိုယ်စားလှယ်ရွေးချယ်ခြင်းအပြင် ဥပဒေအကြောင်းရှင်းလင်းခြင်း၊ မွန်ရပ်ရွာများကို မှတ်ပုံတင်ရန် လိုအပ်သည့် အချက်အလက် စုဆောင်းခြင်းများ လုပ်ဆောင်ခဲ့သည်။

မှတ်ပုံတင်ရေးလုပ်ငန်းစဉ် ပြီးစီးပါက ထိုင်းနိုင်ငံရှိ မွန်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို အစိုးရထံ တရားဝင်တောင်းဆိုနိုင်သည့် အခွင့်အလမ်းကောင်း ပေါ်ပေါက်လာနိုင်သည်ဟုလည်း ထိုင်းမွန်ယဉ်ကျေးမှုအဖွဲ့တွင် ဆောင်ရွက်နေသူတစ်ဦးကဆိုသည်။

“ မနှစ်ကတည်းက အစိုးရက ဥပဒေအရ အသိအမှတ်ပြုထားပြီးသားပဲ၊ စာရင်းပြုစုဖို့အတွက် လုပ်ငန်းစဉ် စမယ်။ သက်ဆိုင်ရာ ဌာနအောက်က ဗဟိုနဲ့ချိတ်ဆက်ပြီး အချက်အလက် တင်ပြရတယ်။ ဒါက မွန်အဖွဲ့အစည်း အားလုံးပါဝင်တဲ့ အဖွဲ့အစည်းအသစ်အနေနဲ့ Register ရမှာဖြစ်ပါတယ်။ စာပေကိစ္စ၊ ပညာရေးကိစ္စတွေ ဒါကိုအမှီအဟဲပြုနိုင်ရင် အကျိုးကတော့ရှိလာမှာပဲ” ဟု ၎င်းကပြောသည်။

မှတ်ပုံတင်ခွင့်ကို မွန်တိုင်းရင်းသား မျိုးနွယ်စုတစ်ခုတင်မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု ကွန်ယက်စုစုပေါင်း ၆၀ လုံး တရားဝင်မှတ်ပုံတင်ရန် သိရိန္ဒြာ မနုဿဗေဒစင်တာ (SAC) / အခွင့်အရေးနှင့် နိုင်ငံသားအဆင့်အတန်းဆိုင်ရာ အကြံပေးစင်တာမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဇူလိုင် ၂၈ မှ သြဂုတ် ၂၇ ရက်နေ့အထိ ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံဖွား မွန်လူမျိုးများ၊ ထိုင်းရောက် မွန်အရပ်ဖက်အဖွဲ့အစည်းများ ယခုလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ပြီး မွန်လူမျိုးတို့၏ အခွင့်အရေးနှင့် အနာဂတ်လမ်းကြောင်း ဦးတည်ချက်ကို သတ်မှတ်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းရန်လည်း ထိုင်းမွန်များက တိုက်တွန်းနှိုးဆော်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts