Homeသတင်းရေသွားကူးသည့် လူငယ် ၃ ဦး ဝယ်သွန်းချောင်းကျေးရွာအနီး ဆိုင်ကယ်နှင့်ဖုန်း လုယက်ခံရ

ရေသွားကူးသည့် လူငယ် ၃ ဦး ဝယ်သွန်းချောင်းကျေးရွာအနီး ဆိုင်ကယ်နှင့်ဖုန်း လုယက်ခံရ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်းချောင်းကျေးရွာအနီးတွင် ရေသွားကူးသည့် လူငယ် ၃ ဦး တောလမ်းတစ်နေရာတွင် ဆိုင်ကယ်နှင့်ဖုန်းများ လုယက်ခံရကြောင်း ကာယကံရှင်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က ပငကျေးရွာမှ လူငယ် ၃ ဦး စီးနင်းလာသည့် ဆိုင်ကယ်အား အမျိုးသားနှစ်ဦးက ဓားရှည်ပြပြီး ရပ်တန့်စေကာ  ဆိုင်ကယ်နှင့် ဖုန်းများကို လုယက်ယူဆောင်သွားခဲ့သည်ဟု လူငယ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ ဝယ်သွန်းချောင်းတောလမ်းအရောက်မှာ လူနှစ်ယောက်က နှစ်ယောက်စလုံး ဓားရှည်တွေကိုင်ပြီး သူတို့ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းတွေကို လုယူ သွားတယ်။ ပြောတာက ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းတစ်လုံးတော့ ပါသွားတယ်။ ဆိုင်ကယ်က သိန်း ၆၀ ရှိမယ်၊ ဖုန်းရောဆိုရင် သိန်း ၁၀၀ လောက် ရှိမယ်။ လုယက်သူတွေက ဗမာတွေပဲ ပြောတယ်” ဟု အထက်ပါ လူငယ်နှင့်နီးစပ်သူက ပြောသည်။

လုယက်သွားသူများကို နောက်ယောင်ခံဖမ်းဆီးနိုင်ခြင်းမရှိသဖြင့် ဆိုင်ကယ်နှင့် ဖုန်းကိုလည်း ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ဆိုသည်။

ယခုလို ဒေသတွင်း လုံခြုံမှုမရှိသည့် ကာလအတွင်း ညပိုင်းသွားလာခြင်းများ ဆင်ခြင်ကြရန်နှင့် လူပြတ်သည့် ရေကူး၊ အပန်းဖြေသည့် နေရာများကို သွားရောက်ရာတွင် တစ်ဦးတည်း သွားခြင်းများ မပြုလုပ်သင့်ကြောင်းလည်း သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

“ဒီလိုကာလမှာ လူငယ်တွေက ရေကူးတာ၊ အပန်းဖြေဖို့ဆိုပြီး ဟိုသွားဒီသွား လုပ်လေ့ရှိတယ်။ လူပတ်ဝန်းကျင်နဲ့ နီးတဲ့နေရာတွေဆို အဆင်ပြေနိုင်ပေမဲ့ လူနဲ့ဝေးတဲ့ နေရာကို သွားတဲ့အခါ အုပ်စု လိုက်သွားတာက ပိုကောင်းမယ်။ ပြီးတော့ တစ်ယောက်တည်း သွားတာမျိုးတွေ၊ ညနေပိုင်းနောက်ကျ တဲ့အချိန်မှ သွားတာမျိုးကိုတော့ ဖြစ်နိုင်ရင် ရှောင်သင့်တာပေါ့လေ။” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလကလည်း သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအနီးရှိ လူအသွားအလာ ပြတ်နေသည့် ရော်ဘာခြံအတွင်း ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သတ်ဖြတ်ခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

စစ်အာဏာသိမ်းသည့်နောက် ဖြစ်လာသည့် နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ စားဝတ်နေရေးအကျပ်အတည်းကြောင့် မွန်ဒေသအတွင်း လက်နက်ပြ လုယက်မှု၊ ခိုးမှုအပြင် ဓားပြ တိုက်မှုအထိ ဖြစ်ပွားလာနေပြီး ဒေသခံတို့က လုံခြုံရေးကင်မဲ့စွာ နေထိုင်လာနေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts