Home သတင်း ကျိုက္ခမီမြို့တွင် အမျိုးသမီးတစ်ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့

ကျိုက္ခမီမြို့တွင် အမျိုးသမီးတစ်ဦး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ ရန်ကုန်ကပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိပြီး စောင့်ကြည့်နေသည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ကျိုက္ခမီမြို့၊ ရန်အောင်မြင်ရပ်ကွက်၊ ရွှေကျင်ကျောင်းလမ်းနေ အသက် (၅၉) နှစ်အရွယ် အမျိုးသမီးသည် ဩဂုတ်လ ၉ ရက်နေ့က ရန်ကုန်ကနေ အသက် ၄၀ အရွယ် တူမဖြစ်သူနှင့်အတူ ကျိုက္ခမီမြို့သို့ ပြန်လာခဲ့ပြီးနောက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့သည်။

“သူက ဩဂုတ်လ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်လောက်မှာ မကြာခဏဝမ်းသွားနေလို့ ကျိုက္ခမီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ တိုက်နယ်ဆေးရုံ ဆရာဝန်တွေကလည်း သူ့ကို စမ်းသပ်စစ်ဆေးရာမှာ Cholera Test Kit Positive (ပြင်းထန်ဝမ်းပျက်ဝမ်းလျှော) ဖြစ်ပွားနေတာကို တွ့ရှိခဲ့ရပါတယ်” ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးကို ကျိုက္မမီတိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ပေးထားပြီး လက်ရှိတွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာကြောင်း ဆိုသည်။

၎င်းပြင် ရောဂါပိုးတွေ့ရှိသည့် အမျိုးသမီးနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၇ ဦးတို့ကိုလည်း ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် Quarantine ထားရှိကာ စောင့်ကြည့်ထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း မြို့နယ်တချို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့မှစတင်ကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလျှက်ရှိရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ်လ ၁၃ ရက်နေ့အထိ လူနာပေါင်း ၁၈၀ ဦးကျော် တက်ရောက်ခဲ့ရပြီး၊ အသက် (၉၂) နှစ်အရွယ် သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် လူနာ ၅၄ ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်များအတွင်း သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ အစားအသောက်နှင့် ရေများအား ဓါတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်နေသည့်အပြင်၊ အစားအစာများ ရောင်းချနေသည့် လမ်းဘေးဈေးသည်များကိုလည်း ဩဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ ပိတ်ထားကြောင်း သိရသည်။

Enable Notifications OK No thanks