မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒေသန္တရအမိန့်ဖြင့် ဖမ်းဆီးခံထားသည့် လူငယ်များ ငွေကြေးအဆမတန်ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
လက်တက်-ဝင်ကမော့လမ်းပိုင်းနေရာတွင် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်က ဆိုင်ကယ်စီးနင်းလာသည့် လူငယ်အမျိုးသား ၂ ဦးကို အရပ်ဝတ်ဖြင့် လူ ၄ ဦးက ရပ်တန့်စစ်ဆေးမှုလုပ်ဆောင်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။
လူငယ်နှစ်ဦးအား အမျိုးသားနှစ်ဦးဆိုင်ကယ်စီးနင်းခွင့်မရှိသည့် ဒေသန္တရအမိန့်ကို ချို့ဖောက်သည်ဟုဆိုကာ ထိန်သိမ်းထားပြီး ငွေကြေးသိန်း ၁၅၀ ညှိနှိုင်းပေးဆောင်ခဲ့ရကြောင်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“ တပ်နဲ့ မိဘကြားမှာ ငွေကိစ္စညှိနှိုင်းပြီး အစကကတော့ သိန်း ၂၀၀ တောင်းတယ်။ နောက်တော့ သိန်း ၁၅၀ တိတိ ပေးနိုင်ရင် လွတ်ပေးမယ်လို့ ပြောတယ်။ မိသားစုဝင်တွေက ငွေကို Kapay နဲ့ လွှဲပေးလိုက် တယ်။ အဲတော့ လူငယ်နှစ်ယောက်က လွတ်လာတယ်” ဟု ပြောသည်။
သို့သော် ဖမ်းဆီစဉ်ယူဆောင်ထားသည့် ဖုန်း၊ ဆိုင်ကယ်နှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို ပြန်လည်ပေးဆောင်ခြင်းမရှိကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့က ဝါဆိုပန်းခူးမှ ပြန်လာသည့် ကမာဝက်လူငယ်များကို စစ်ကော်မရှင်အဖွဲ့စုံမှ ဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှု လုပ်ဆောင်ခဲ့သေးသည်။
ထို့အတူ သထုံခရိုင် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်များအတွင်းတွင်လည်း ဒေသန္တရအမိန့်ကြောင့် ဖမ်းဆီးအရေးယူခြင်းခံရသူများ နေ့စဉ်နှင့်အမျှရှိနေကြောင်းနှင့် ငွေကြေးပေးကာ ပြန်ရွေးယူရခြင်းများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးထားသည့် လူငယ်များကို လူဝင်မှုကြီးကြပ်ရေးရုံး၊ မြို့မရဲစခန်း၊ တပ်ရင်းများအပြင် KTV ဆိုင် စသည့် နေရာအမျိုးမျိုးတွင် ပြောင်းရွေ့ ထိန်းသိမ်းမှု လုပ်ဆောင်နေသည်။
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်များတွင် တက်ရောက်မည့် သူများအားရှာဖွေဖမ်းဆီးမှုနှင့် စစ်မှုထမ်းမည့်သူများအား နယ်ကျော်ရောင်းဝယ်မှုများလုပ်ဆောင်ရာတွင် လူငယ်များဖမ်းဆီးရရှိမှုနည်းလာသည့်အတွက် ဝန်ထမ်းမိသားစုဝင်များအပြင် ယခုအခါ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုပါ ဖမ်းဆီးမှု လုပ်ဆောင်လာနေကြောင်း သိရသည်။
မွန်ပြည်နယ် မြို့နယ်အချို့ကို ဒေသန္တရအမိန့်လိုက်နာရန် ထပ်မံသတိပေးထားပြီး ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး စီးနင်းခြင်း၊ အမျိုးသမီးယာဉ်မောင်းနောက်တွင် အမျိုးသားလိုက်ပါခြင်းနှင့်၊ ညနေ ၉ နာရီ နောက်ပိုင်းအချိန်တွင် သွားလာခြင်း မပြုလုပ်ရန် ကန့်သတ်ထားကြောင်းသိရသည်။


