ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၆ ဦးကို နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက သြဂုတ်လ ၇ ရက်နေ့အတွင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်၌ စံခလဘူရီ စစ်ဆေးရေးဂိတ်မှ ထောင်ဖာဖွန်ဘက်သို့ မောင်းနှင်သွားသည့် မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီးကို တာဝန်ရှိသူများက ရပ်တန့်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးမှုအရ ယာဉ်မောင်းမှာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သက်သေခံစာရွက်စာတမ်းများ မရှိသည့်အပြင် ယာဉ်အတွင်း အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၁ ဦး ပုန်းအောင်းလိုက်ပါလာသည်ကို ထိုင်းအာဏာပိုင်များ တွေ့ရှိခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်၊ ချလယ်ကျေးရွာအနီး သစ်တောနယ်မြေအတွင်း တရားမဝင် ဝင်ရောက်လာသူများ စုဝေးနေကြောင်း ဒေသခံများ၏ သတင်းပေးတိုင်ကြားချက်အရ နယ်စပ်တပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၄၅ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
၎င်းတို့သည် မြန်မာနိုင်ငံဘက်မှ စက်လှေဖြင့် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ကာ ထောင်ဖာဖွန်နယ်မြေအတွင်းသို့ ပွဲစားစီစဉ်ပေးသည့်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
စစ်ဆေးချက်များအရ ဖမ်းဆီးခံရသူများအနက် အချို့သည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန် စီစဉ်ထားပြီး တစ်ဦးလျှင် ဘတ် ၄၅,၀၀၀ အထိ ပွဲစားခပေးဆောင်ထားကြောင်း သိရသည်။
ထို့အပြင် ဘန်ကောက်၊ စမွတ်ဆာခွန်နှင့် ချွန်ဘူရီဒေသများသို့ သွားရောက်မည့်သူများကလည်း တစ်ဦးလျှင် ဘတ် ၂၅,၀၀၀ ပေးဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထိုနေ့အတွင်း ဖမ်းဆီးရမိသည့် တရားမဝင်မြန်မာနိုင်ငံသား ၅၆ ဦးတို့သည် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ပြုသည့် နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် တရားဝင် အထောက်အထားစာရွက်စာတမ်းများ တင်ပြနိုင်ခြင်း မရှိသဖြင့် ဥပဒေအရ အရေးယူနိုင်ရန် ထောင်ဖာဖွန်ရဲစခန်းနှင့် စံခလဘူရီရဲစခန်းသို့ အသီးသီး လွှဲပြောင်းထားကြောင်း သိရသည်။
စံခလပူရီ နယ်စပ်တောလမ်းမှတစ်ဆင့် တရားမဝင်မြန်မာလုပ်သားများ ဆက်တိုက် ဝင်ရောက်နေပြီး ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ ပွဲစားများမှ ပြန်လည်တာဝန်ယူသူများ ရှိသလို နေရပ်ပြန်ပို့ခံရသူများလည်းရှိကြောင်း ဒေသခံများမှ သိရသည်။



