မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်တပ်၏ လူအခွင့်အရေးချိုးဖောက်ကျူးလွန်မှု ပိုမိုဆိုးရွားလာသည်ဟု ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG) က ပြောသည်။
စစ်တပ် အဓိကကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်း၊ တွေ့လျှင်ပစ်စနစ်၊ အဓမ္မဖမ်းဆီးခြင်းနှင့် အခြားလူအခွင့်အရေးချိုးဖောက် မှုများ ပါဝင်ပါသည်ဟု KHRG က ထုတ်ပြန်သည့်အစီရင်ခံစာတွင် ပြောဆိုထားသည်။
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုများ ပို၍ များပြားလာကြောင်းလည်း KHRG ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ နေအိမ်များ၊ စိုက်ပျိုးရေးစိုက်ခင်းများ၊ လူမှုအသိုက်အဝိုင်း အဆောက်အအုံများ ဖျက်ဆီးခံရခြင်းနှင့် ရွာသားများ၏ ထွက်ပြေး တိမ်းရှောင်နေရမှုများလည်း ပို၍များပြားလာသည်ဟု ဖော်ပြထားသည်။

KHRG မှတ်တမ်းပြုစုထားသည့် အချက်အလက်များအရ အစီရင်ခံစာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၄ ကြိမ်နှင့် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများကြောင့် ကလေး ၂၂ ဦး သေဆုံးသွားခဲ့ပြီး၊ ကလေးအနည်းဆုံး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။
အလားတူ စစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် သက်ကြီးရွယ်အို ၄၄ ဦး သေဆုံးကာ၊ ၁၀၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၈ လုံး၊ ဘုန်းကြီးကျောင်း ၁၀ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၅ လုံးနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။
စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများနှင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံရွာသားများ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ပေါ်တာဖမ်းခံရခြင်း၊ လမ်းပြအဖြစ်စေခြင်း၊ အဓမ္မစစ်သားစုဆောင်းခံရခြင်းနှင့် အဓမ္မပျောက်ဆုံးခြင်းဖြစ်စဉ်များလည်း ပိုမိုများပြားလာခဲ့သည်။
KHRG အစီရင်ခံစာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်တပ်က အဓိကကျူးလွန်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့လည်း ကျူးလွန်မှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။
KHRG အနေဖြင့် KNLA အပါအဝင် စစ်တပ်က ကျူးလွန်သည့် ပစ်သတ်မှု ဖြစ်ရပ် ၃ ခုကို မှတ်တမ်းပြုစုခဲ့ပြီး ရွာသား ၁၁ ဦး သေဆုံးသွားခဲ့ပါသည်ဟု ဆိုသည်။
၎င်းပြင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်မှ ကျူးလွန်သည့် လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုများသည် ဒေသခံရွာသားများကို အမြဲတစေ အကြောက်တရားအောက်၌ ရှိစေပြီး နေရပ်ရွှေ့ပြောင်း တိမ်းရှောင်နေရခြင်းကြောင့် မလုံခြုံမှုအပြင် အရေးတကြီး လိုအပ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းမှုများ လက်လှမ်းမီနိုင်ရန် အကန့်အသတ်ဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု KHRG အစီရင်ခံစာက ဆိုသည်။



