Homeသတင်းမိုးတွင်း ရာဘာအနံ့ဆိုးကြောင့် စက်ရုံအနီးနေထိုင်သူများ ကျန်းမာရေးထိခိုက်

မိုးတွင်း ရာဘာအနံ့ဆိုးကြောင့် စက်ရုံအနီးနေထိုင်သူများ ကျန်းမာရေးထိခိုက်

-

မွန်ပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းအဖြစ် အဓိကလုပ်ကိုင်ကြသည့် ရာဘာလုပ်ငန်း၏ စက်ရုံများမှ မိုးတွင်းပိုင်း ပိုမိုပြင်းသည့် အနံ့ဆိုးများကြောင့် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း စက်ရုံအနီးနေထိုင်သူ ဒေသခံများက IMNA သို့ ပြောသည်။

ရာဘာစက်ရုံကြီး ၆ ရုံထက်မနည်းရှိပြီး သိုလှောင်ရုံများစွာရှိသည့် မုဒုံမြို့နယ်တွင် ညပိုင်း၌ ရာဘာအနံ့ဆိုးများကို စက်ရုံအနီးနေထိုင်သူများ ဆိုးရွားစွာ ရှုရှိုက်နေရကြောင်း ဆိုသည်။

အနံ့ဆိုးများကြောင့် ခေါင်းကိုက်၊ မူးဝေ၊ အိပ်မပျော်၊ ပျို့အန်ချင်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းများ မကြာခဏ ဖြစ်ပွားနေပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ပိုမိုရင်ဆိုင်နေရကြောင်း စက်ရုံအနီး နေထိုင်သူ မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“ ညဘက်ဆို အနံ့က အရမ်းပြင်းတယ်။ ပြတင်းပေါက်ပိတ်ထားလည်း အနံ့ဝင်လာတယ်။ ကွမ်တာက စက်ရုံနေရာဆိုရင် ကားနဲ့ဖြတ်သွားတာတောင် အန်ချင်နေတာ။ အဲဒီမှာ နေထိုင်တဲ့လူတွေဆို မပြောနဲ့တော့။ အိပ်မပျော်တဲ့ညတွေရှိသလို ကလေးတွေလည်း ချောင်းဆိုးတာ၊ အသက်ရှူမဝတာတွေ ဖြစ်ကြတယ်။ ” ဟု ပြောသည်။

ရေရှည်တွင် ကျန်းမာရေးပြဿနာများ ပိုမိုဆိုးရွားစွာ ရင်ဆိုင်ရမည်ကို စိုးရိမ်ကြောင်းလည်း ဆက်ပြောသည်။

ရာဘာပြားကြိတ်ရာတွင် ရာဘာအရည်နှင့် အက်စစ်ဓါတ်ပြုမှုကြောင့် ထွက်ရှိလာသော အပုတ်ရည်၊ အနံ့ဆိုးများကို စနစ်တကျမစွန့်ပစ်သည့်အတွက် လေထုညစ်ညမ်းမှုအပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်နေသည်။

ဒေသခံများအနေဖြင့် အနံ့ဆိုးများနှင့် ပတ်သက်၍ အစိုးရအဆက်ဆက် တာဝန်ရှိသူများအထံ အကြိမ်ကြိမ် တိုင်ကြားဖူးသာ်လည်း ကွင်းဆင်းစစ်ဆေးခြင်းအပြင် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မရှိသေးကြောင်းလည်း ဆိုသည်။

“ အရင်ကလည်း တိုင်ကြားဖူးပေမယ့် လာရောက်စစ်ဆေးတာလောက်ပဲရှိပြီး ထိရောက်တဲ့ အရေးယူမှုတွေ မတွေ့ရဘူး။ စက်ရုံတွေကလည်း ကြာလာလေလေ အနံ့ပိုဆိုးလာလေလေ ဖြစ်နေတယ်။ ဒေသခံတွေကလည်း မွန်လွှတ်တော်အမတ်တွေကို သွားတိုင်ဖို့ရှိတယ်တဲ့။" ဟု မုဒုံဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

မွန်ပြည်နယ်တောင်ပိုင်းသည် အစိုးရခြံများနှင့်ပုဂ္ဂလိကရာဘာလုပ်ငန်း အများဆုံးစိုက်ပျိုးထုတ်လုပ်သည့်ဒေသဖြစ်သည့်အတွက် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ရာဘာပြားကြိတ်ရာမှ ထွက်လာသည့်အနံ့အသက်ဆိုးများကို နေ့စဉ်ရှုရှိုက်နေကြရသည်။

ရာဘာထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ၊ ရော်ဘာကုန်ကြမ်း သိုလှောင်မှုစနစ်များနှင့် ရေဆိုးသန့်စင်မှု မလုံလောက်ခြင်းတို့သည် အနံ့ဆိုးများ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများတွင် ပါဝင်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူများ၏ အဆိုအရ သိရသည်။

ယင်းကြောင့် ရာဘာစက်ရုံ တာဝန်ရှိသူများ အနေဖြင့် အနံ့ဆိုးလျှော့ချရေး နည်းလမ်းများ အမြန်ဆုံးဆောင်ရွက်ပေးရန်၊ ရေဆိုးများကို သဘာဝပတ်ဝန်းကျင်စံညွှန်းနှင့်အညီ သန့်စင်စွန့်ပစ်ရန်နှင့် သက်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကျန်းမာရေးဌာနမှလည်း ပုံမှန်ကွင်းဆင်းစစ်ဆေးမှု လုပ်ဆောင်ပေးရန် ဒေသခံများ လိုလားလျှက်ရှိသည်။

ပုံ-IMNA 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts