မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့်မူဝါဒများကို တင်းကြပ်လာသည့် အခြေအနေကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်များအကြား စိုးရိမ်မှုများ မြင့်တက်နေသည်ဟု ဒုက္ခသည်အရေးကူညီ ဆောင်ရွက်နေသူတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ကလည်း ဒုက္ခသည်အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးရာတွင် ပိုမိုတင်းကျပ်သည့် ထိန်းချုပ်မှုများ မလုပ်ဆောင်ပါက UNHCR နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်သင့်ကြောင်း ပြောဆိုခဲ့သည်။
ယင်းအခြေအနေများကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်များအနေဖြင့် နေထိုင်ခွင့်၊ အလုပ်အကိုင်၊ လုံခြုံရေးနှင့် အနာဂတ်အခြေအနေများအပေါ် စိုးရိမ်မှုများရှိလာနေကြောင်း မွန်ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“အခြေအနေတွေက ဒီလိုဖြစ်နေတဲ့အချိန်မှာ ဒုက္ခသည်တွေက အလုပ်ရှာဖွေဖို့ ခက်ခဲလာကြတယ်။ ဖမ်းဆီးမှုတွေကလည်း အရမ်းများလာတယ်။ ဥပမာပြောရရင် ရိုဟင်ဂျာ ၁၄၀ ယောက် နေနေတဲ့နေရာကနေ မောင်းထုတ်ခံရလို့ UNHCR ရုံးရှေ့မှာ လာစုပြုံနေတာ၊ အဲ့ညမှာပဲ ရဲကား ၃ စီးလာပြီး ဖမ်းခေါ်သွားတယ်။ လက်ရှိမှာ လုပ်ငန်းရှင်တွေကလည်း ဒုက္ခသည်တွေအတွက် အလုပ်မပေးချင်ဘူး။ မလေးလူမျိုးတွေကလည်း အခက်တွေ့အောင်လုပ်ပြီး နေတဲ့နေရာတွေကနေ မောင်းထုတ်တာလည်း အများကြီးတွေ့ရတယ်”ဟု ၎င်းက ပြောသည်။
မလေးရှားအစိုးရ၏ မူဝါဒပြောင်းလဲမှုများနှင့် ပတ်သက်၍ UNHCR အနေဖြင့်လည်း အသေးစိတ် အချက်အလက်များကို မသိရှိရသေးသဖြင့် ဒုက္ခသည်အသိုင်းအဝိုင်းအတွင်း မသေချာမှုများရှိနေကြောင်း သိရသည်။
ထို့အပြင် လူမှုကွန်ရက်များပေါ်တွင် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် အချက်အလက်များ ဖြန့်ဝေမှုများ ရှိလာခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ရှာဖွေစစ်ဆေးဖမ်းဆီးမှုများလည်း ပိုမိုကြုံတွေ့လာရကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်အထိ UNHCR ၏ မှတ်ပုံတင်ခြင်းနှင့် အခြားလုပ်ငန်းစဉ်များကို ယာယီရပ်နားပေးရန် မလေးရှားအစိုးရက တောင်းဆိုထားသော်လည်း လက်ရှိတွင် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။
“တိုင်းရင်းသားဒုက္ခသည်တွေအနေနဲ့ ဒီကိစ္စတွေဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ကြပါတယ်။ အခု UNHCR မှတ်ပုံတင်ရေးနဲ့ပတ်သက်ပြီး ယာယီရပ်နားဖို့ ပြောထားပေမယ့် အသေးစိတ် အခြေအနေကိုတော့ မရှင်းလင်းသေးပါဘူး။ ဒါကြောင့် လက်ရှိလုပ်ငန်းစဉ်တွေက အရင်အတိုင်းပဲ ဆက်လက်လည်ပတ်နေပါတယ်” ဟု ၎င်းက ပြောသည်။
မလေးရှားရောက် မြန်မာဒုက္ခသည်များအတွက် UNHCR မှတ်ပုံတင်ခြင်းသည် ဖမ်းဆီးခံရမှုအန္တရာယ်မှ ကာကွယ်ရေး၊ အခြေခံအကူအညီများရရှိရေးနှင့် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး အခွင့်အလမ်းများအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားရောက် မြန်မာဒုက္ခသည်များသည် UNHCR နှင့်ပတ်သက်သည့် အစိုးရ၏ ဆုံးဖြတ်ချက်များကို စောင့်ကြည့်နေရပြီး မိမိတို့၏ အနာဂတ်လုံခြုံရေးနှင့် နေထိုင်ခွင့်အခြေအနေများအပေါ် စိုးရိမ်လျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် UNHCR စာရင်းများအရ ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၂ သိန်း နီးပါးရှိပြီး အများစုမှာ မြန်မာနိုင်ငံက တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။



