Homeသတင်းအမြန်ရထားပေါ်တွင် ခရီးသွားများအား စိတ်အနှောင်အယှက်ဖြစ်စေသည့် မော်လမြိုင်မြို့ခံ ၅၄ ဦးကို ဒဏ်ငွေ ကျပ်တစ်သိန်းစီ ချမှတ်

အမြန်ရထားပေါ်တွင် ခရီးသွားများအား စိတ်အနှောင်အယှက်ဖြစ်စေသည့် မော်လမြိုင်မြို့ခံ ၅၄ ဦးကို ဒဏ်ငွေ ကျပ်တစ်သိန်းစီ ချမှတ်

-

မော်လမြိုင် – ရန်ကုန် အမြန်ရထားပေါ်တွင် ခရီးသွားပြည်သူများ စိတ်အနှောင်အယှက်ဖြစ်စေရန် စည်းမဲ့ ကမ်းမဲ့ လုပ်ဆောင်ခဲ့သည့် မော်လမြိုင် ကမ်းနားလမ်း အားကစားအဖွဲ့မှ ဆရာမကြီး ဒေါ်မြသန်း အပါအဝင် ၅၄ ဦးကို ဒဏ်ငွေ ကျပ်တစ်သိန်းစီ ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

မော်လမြိုင်မြို့နယ်တရားရုံးက ဒေါ်မြသန်း အပါအဝင် ၅၄ ဦးကို တစ်ဦးလျှင် ငွေဒဏ် ကျပ်တစ်သိန်းစီ ပေးဆောင်ရန်နှင့် ဒဏ်ကြေးငွေပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ၇ ရက် ကျခံစေရန် ဇူလိုင်လ ၂၇ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

“တရားခွင်ပြီးတော့ ဒေါ်မြသန်း ပါ ၅၄ ဦးအဖွဲ့က ဒဏ်ငွေပေးဆောင်ဖို့ လုပ်ဆောင်ခဲ့ကြတယ်” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

‌ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က မော်လမြိုင်- ရန်ကုန် အစုန် အမြန်ရထားပေါ် လိုက်ပါစီးနင်းခဲ့သည့် ဆရာမကြီးဒေါ်မြသန်းအပါအဝင် ၅၄ ဦးအဖွဲ့တို့သည် ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံလက်တန်းပေါ်တွင်ထိုင်ခြင်း၊ ရထားလျှောက်လမ်းပိတ်ပြီး ဝိုင်းဖွဲ့စားသောက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်နေကြသည့် ဆရာမကြီးဒေါ်မြသန်းတို့အဖွဲ့ကို ရထားတာဝန်ရှိသူများမှ အခြားသော ခရီးသည်များ စိတ်အနှောင့်အယှက် မဖြစ်စေရန် သတိပေးတားမြစ်ခြင်းပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေခဲ့ကြသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ဆရာမကြီးဒေါ်မြသန်း အပါအဝင် ၅၄ ဦးတို့ကို အရေးယူပေးရန် ဇူလိုင်လ ၂၆ ရက်နေ့က မော်လမြိုင်မြို့မရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့သည်။

ယင်းနောက် မော်လမြိုင်မြို့မရဲစခန်းမှ (ပ) ၁၂၉/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ – ၈၈ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် လုံလောက်သော ခံဝန်သူ ၂ ဦးဖြင့် ခံဝန်ပေးရန်လည်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ တွင် မော်လမြိုင်မြို့နယ်တရားရုံးမှ ဆရာမကြီး ဒေါ်မြသန်းနှင့်အဖွဲ့ကို တစ်ဦးလျှင် ငွေဒဏ် တစ်သိန်းကျပ်စီ ပေးဆောင်ရန်နှင့် ဒဏ်ကြေးငွေပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ၇ ရက် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့၊ကလည်း ရန်ကုန် – မန္တလေး အမြန်ရထားပေါ် လိုက်ပါလာခဲ့ကြသည့် အမျိုးသမီး ၄ ဦးတို့သည် ရထားပေါ်တွင် စည်းကမ်းမဲ့စွာ လုပ်ဆာင်ခဲ့ခြင်းကြောင့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်အရေးယူခံရပြီး ထောင်ဒဏ် နှစ်လ ချမှတ်ခံရသည်။

ထို့အတူ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ရန်ကုန် – မန္တလေး အမြန်ရထားပေါ်တွင် ခရီးသွားပြည်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေသည့် အမျိုးသား ၃ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် အရေးယူခံရသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts