Homeသတင်းပုလောတွင် ပလုံကောက် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

ပုလောတွင် ပလုံကောက် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

-

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ပလုံကောက်နေသူ အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ရပြီး သေဆုံးခဲ့ရကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

သေဆုံးသူအမျိုးသမီးသည်  ၃၈ နှစ်အရွယ် ပုလောမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေတွင် နေထိုင်သူဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် ပလုံကောက်နေသူဖြစ်ကြောင်း သိရသည်။

စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် တောင်ယာကမ်းကျေးရွာ လမ်းဆုံနေရာတွင် ဇူလိုင်လ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီက အဆိုပါ အမျိုးသမီး နင်းမိသဖြင့် ပေါက်ကွဲမှုဖြစ်ခဲ့သည်။

“အဲ့လမ်းဆုံက စစ်တပ်ရော တော်လှန်ရေးအဖွဲ့ တွေရော နှစ်ဖက်လှုပ်ရှားမှုတွေရှိနေတော့ ဘယ်အဖွဲ့က မိုင်းကို ထောင်ထားမှန်းမသိဘူးဗျာ။ သူကတော့ ထိတဲ့နေရာမှာပဲ ဆုံးသွားတယ်။ ထိသွားတာ တော်တော်များတယ်၊ ပြီးမှ အလောင်းကို နာရေးကားတွေယူသွားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အမျိုးသမီးသည် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန် ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ရပြီး ပုလောမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ကာ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ယခုမြေမြှုပ်မိုင်း ပေါက်ကွဲခဲ့သည့် တောင်ယာကမ်းကျေးရွာလမ်းဆုံသည် စစ်ကော်မရှင်တပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားသည့် ဒေသလည်း ဖြစ်ပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် လက်ရှိတွင် ဒေသခံများသည် လမ်းဆုံအနီးပတ်ဝန်းကျင်တွင် သွားလာရန် စိုးရိမ်စိတ်များ ဖြစ်နေကြသည်။

“လောလောဆယ်က အဲ့ဘက်မှာ သွားလာဖို့ ကြောက်နေကြတယ် အစကတည်းက ဒီဘက်မှာ မိုင်းနင်မိတာတွေခနခနဖြစ်နေတာ ပြီးတော့ ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းလဲမသိဘူး ကြာမှာ ပြည်သူတွေကပဲ ခံနေရတာ နဂိုးကတည်းက အဲ့လမ်းဆုံက စစ်ရေးလှုပ်ရှားနေတာ များတယ် ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲအပြင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အရပ်သားပြည်သူများ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရုံသာမက အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

မတ်လနှင့် ဇွန်လအတွင်းကလည်း ဆင်ထိုးကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts