မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ဒုစရိုက်မှုများ ပေါ်များလာခြင်းကြောင့် လုံခြုံရေး စိုးရိမ်စရာအခြေအနေဖြစ်နေသည်ဟု မြို့ခံတို့က ပြောသည်။
စစ်တပ်အာသိမ်းပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှု၊ လူသတ်မှု၊ ခြိမ်းခြောက်မှ ဓားပြတိုက်မှု အစရှိသည့် ဒုစရိုက်မှုများ ပေါများလာပြီး ခိုးမှုဆိုလျှင် နေ့တိုင်းနီးပါး ဖြစ်ပွားနေသည်ဟုလည်း မြို့ခံတို့က ဆိုသည်။

မော်လမြိုင်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် တောင်ပေါ်တန်းလမ်းတွင် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့က ဆိုင်ကယ် တက္ကစီသမားတစ်ဦး ဆိုင်ကယ် လုယက်ခံရပြီး သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
၎င်းပြင် တောင်ပေါ်တန်းလမ်းတွင် ဖြတ်သန်းသွားလာသူများ၊ ကျန်းမာရေး လမ်းလျှောက်သူများကို လုယက်ရန် ကြံစည်သည့်ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေသည့်အတွက် ထိုလမ်းကို အသုံးပြုသွားလာရန် လုံခြုံမှုမရှိတော့ဘူးလို့လည်း မြို့ခံတို့က ဆိုသည်။
“မလမမှာ လုယက်မှု၊ ရိုက်နှက်မှု၊ လူသေမှု၊ လောင်းကစားတွေနဲ့ ဒုစရိုက်မြို့တော်ကြီးဖြစ်နေပြီး။ တောင်ပေါ်တန်းလမ်းဆိုရင်လည်း တစ်ယောက်တည်း မသွားရဲရလောက်တော့တဲ့အထိ ဖြစ်နေပြီ။ဘာလုံခြုံရေးမှလည်း မပေးနိုင်ကြတော့ ဒုစရိုက်မှုတွေက ဒီ့ထက်ပိုစိုးလာဖို့ပဲ ရှိတော့တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
၎င်းပြင် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ရွှေလမင်းဆေးရုံ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကို CCTV မှတ်တမ်းအရ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်ပါပါသူတို့က ခိုးယူသွားသည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
မော်လမြိုင်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုဖြစ်စဉ်များကို သက်ဆိုင်ရာက ထိရောက်သည့် ကိုင်တွယ်မှုမျိုး မလုပ်ဆောင်နိုင်ခြင်းကြောင့် လုံခြုံရေးနှင့် တရားဥပေဒေစိုးမိုးမှု ကင်းမဲ့သထက် ကင်းမဲ့လာသည့် အခြေအနေဖြစ်နေသည်ဟု မြို့ခံတို့က ဆိုသည်။
အခြားမြို့ခံတစ်ဦးကလည်း “ကိုယ့်ပစ္စည်း အခိုးခံရလို့ သွားတိုင်လည်း ဘာမှမထူးဘူး။ ဆိုင်ကယ်အခိုးခံရတဲ့လူတွေကို ရဲစခန်းမှာ သွားတိုင်တယ်။ သွားတိုင်တာပဲ အဖတ်တင်တယ်။ ရဲတွေကပဲ သူခိုးတွေကို လွှတ်ထားသလားပဲ။ တချို့နေရာဆို သူခိုးတွေကို ပြည်သူက ဖမ်းပြီး ရဲကို သွားအပ်တာ” ဟု ပြောသည်။
မော်လမြိုင်မြို့တွင် ခိုးမှု၊ လုယက်မှု၊ အနုကြမ်းစည်မှု၊ ပစ္စည်းလု လူသတ်သည့်ဖြစ်စဉ်များအပြင် ဓားမြတိုက်သည့်ဖြစ်စဉ်လည်း ဖြစ်ပွားမှု ရှိခဲ့သည်။






