မင်းပိုင် (အမြင်သုံးသပ်ချက်)
အခုတလော သတင်းမီဒီယာစာမျက်နှာတွေကို ဝင်ကြည့်လိုက်ရင် နေပြည်တော်ရှိ ဟိုတယ်ခန်းမတွေထဲမှာ စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ခေါင်းဆောင်အချို့ လက်ဆွဲနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေးကြတဲ့ သတင်းနဲ့ ဓါတ်ပုံတွေ ခပ်စိပ်ပ် မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ မြေပြင်မှာ တိုက်ပွဲတွေက ပိုပြင်းထန်လာနေပြီး မြန်မာစစ်တပ်ရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ ပိုမိုတိုးပွားလာနေတာဟာ မြန်မာ့နိုင်ငံရေးပကတိအခြေအနေရဲ့ ဆန့်ကျင်ဘက်ပုံရိပ်နှစ်ခုကို ရှင်းလင်းစွာ ပြသပေးနေတာလည်းဖြစ်ပါတယ်။
၂၀၂၅ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး ပေါ်ပေါက်လာတဲ့ စစ်အုပ်စုအစိုးရရဲ့ “ရက် ၁၀၀ စီမံချက်” ငြိမ်းချမ်းရေးခေါင်းစဥ်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို နေပြည်တော်သို့ လာရောက်ဆွေးနွေးကြဖို့ ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီနောက် နေပြည်တော်ကို ပုံမှန်ရောက်နေကျ (NCA) လက်မှတ်ထိုးထားတဲ့ (RCSS, NMSP, DKBA, KNU/KNLA-PC, ALP, LDU)နဲ့ (PNLO) စတဲ့ (7 EAO Alliance) အဖွဲ့ဝင်တို့က အဓိက အခန်းကဏ္ဍက ပါဝင်ပြီး တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း သူတို့ဟာ နေပြည်တော် စစ်အုပ်စုတို့နဲ့ အကြိမ်ကြိမ်တွေ့ဆုံ ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်တာတွေ၊ အလွတ်သဘောတွေ့ဆုံတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
သတင်းထုတ်ပြန်ချက်တွေအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် ဒေသတွင်း တည်ငြိမ်းရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ ပင်မနိုင်ငံရေးပဋိပက္ခကြီးကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ မဟုတ်ဘဲ ငြိမ်းချမ်းရေးအမည်ခံပြီး စစ်အုပ်စုအတွက် စစ်ရေးအရ အသက်ရှူချောင်စေဖို့နဲ့ အချိန်ဆွဲဖို့ ခင်းထားတဲ့ နည်းဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုတွေလည်း ဖြစ်နေနိုင်ပါ တယ်။
ဒီတစ်ကြိမ် နေပြည်တော်ရဲ့ ဆွေးနွေးပွဲဝိုင်းတွေမှာ ထူးထူးခြားခြား တွေ့ရတာတစ်ခုက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ဆက်စပ်နေတဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ (SNUC) လို အဖွဲ့သစ်တွေပါ ရောက်လာကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး စစ်အုပ်စုရဲ့ (NSPNC) ကို တင်ပြတောင်းဆိုခဲ့ပါတယ်။
တစ်ဖက်မှာလည်း တရုတ်ပါဝင်ပတ်သက်မှုနဲ့ (TNLA, MNDAA, UWSA, NDAA) မြောက်ပိုင်းအဖွဲ့တို့ဟာ နေပြည်တော် ဆွေးနွေးပွဲတွေမှာ ပါဝင်လာတာ တွေ့ရပါတယ်။ တအာင်းတပ် (TNLA)နဲ့ ဆွေးနွေးရာမှာ (TNLA) ဘက်က သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တအာင်းပြည်နယ်ရရှိရေးကို အဓိက တောင်းဆိုခဲ့ပါတယ်။
(NSPNC) ဘက်ကတော့ ပြည်နယ်ရဖို့ဆိုတာ လွှတ်တော်ကနေ ဆောင်ရွက်ရမှာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ချက်တွေ ပြည့်မီဖို့ လိုအပ်တယ်လို့ဆိုကာ လိုက်လျောခြင်း မရှိဘဲ အချိန်ဆွဲ တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။
(MNDAA) ကိုကန့်အဖွဲ့ဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က တပ်ဖွဲ့တွေ ဆုတ်ခွာပေးရေးနဲ့ အထူးဒေသ (၁) သတ်မှတ်ပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို “ဝ” (UWSA) အဖွဲ့ကလည်း ပြည်နယ်ရရှိရေး ရည်မှန်းချက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။
အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကလည်း ဒေသတွင်း အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ မိမိထိန်းချုပ်နယ်မြေတွေကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် နေပြည်တော်မှာ (NSPNC)နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
တကယ်တော့ ဇွန်လနဲ့ အခု ဇူလိုင်လအတွင်း နေပြည်တော် စစ်အုပ်စုက ဦးဆောင်ပြီး ဒိုင်ခံပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးအမည်ခံ ဆွေးနွေးပွဲတွေဟာ တစ်ဖွဲ့ချင်းစီ ခွဲထုတ်တွေ့ဆုံတဲ့ (Bilateralism) နည်းဗျူဟာဟောင်းကို ပြန်လည်အသက်သွင်းပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအကြား သပ်လျှိုဖြိုခွဲဖို့ ကြိုးပမ်းတဲ့လုပ်ရပ်ပါပဲ။
သို့သော် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ (KNU, KIA, AA, CNF, ABSDF) နဲ့ (KNPP) တို့လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အာဏာသိမ်း နေပြည်တော်စစ်အုပ်စုနဲ့ တွေ့ဆုံခြင်း မရှိသေးဘဲ သီးခြား ရပ်တည် တိုက်ပွဲဝင်နေကြဆဲပါ။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဆိုရင် စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေဟာ စစ်ရေးအရ အကြပ်အတည်း တွေ့နေချိန်မှာ အချိန်ဆွဲဖို့ ကြိုးပမ်းတာဖြစ်ပြီး အကြောက်တရားနဲ့ ခြိမ်းခြောက်မှုအပေါ်မှာပဲ အခြေခံထားတယ်လို့ ဝေဖန်ထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုတွေဟာ သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ ဖယ်ထုတ်ထားပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေဖို့နဲ့ စုပေါင်းညီညွတ်မှုကို ဖြိုခွဲဖို့ အသုံးချနေတဲ့ သွေးခွဲရေးဗျူဟာဖြစ်ပါတယ်။
“အဲဒါကပဲ ကျနော်တို့နိုင်ငံရဲ့ တကယ့်အခက်အခဲပါ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုရင် စစ်တပ်ဆန့်ကျင်နေသူတွေလည်း ပါဖို့တော့ လိုတယ်လေ၊ အရေးလည်း ကြီးတယ်၊ သူတို့ပါလာမှပဲ ငြိမ်းချမ်းရေးစကားတွေ ပြောလို့ရမယ်ပေါ့” အမည်မဖော်လိုတဲ့ မွန်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ နေပြည်တော်ငြိမ်းချမ်းရေးလမ်းကြောင်းမှာ (7 EAO Alliance)နဲ့ မြောက်ပိုင်းအဖွဲ့အချို့ ပါဝင်လာပေမဲ့ စစ်အုပ်စုက အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)နဲ့ (KIA, AA, KNU) တို့လို အဓိက အင်အားစုတွေ မပါဝင်နိုင်ရင် ဒီလမ်းတွေဟာ ငြိမ်းချမ်းရေးအတွက် အဖြေအစစ်အမှန် ဖြစ်လာမှာ မဟုတ်ပါဘူး။
ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ စေတနာမှန်ကန်မှု၊ နိုင်ငံရေးဆန္ဒနဲ့ စိတ်ရှည်မှုသည်းခံမှုတို့နဲ့ပဲ ရရှိနိုင်မှာဖြစ်သလို လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်တွေ မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း လုပ်ပေးဖို့လိုတယ်လို့ (NSPNC)နဲ့ နေပြည်တော် တွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်အောင်မင်းက ဆွေးနွေးတင်ပြခဲ့ပါတယ်။
သို့သော် အခု အခြေအနေတွေအရ လမ်းတွေအားလုံးဟာ နေပြည်တော်ဆီကိုပဲ ဦးတည်နေသယောင် ရှိနေပေမဲ့ တကယ်တမ်းတော့ ဒီလမ်းတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီကို သွားနေတာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ နေပြည်တော်ရဲ့ သတ်မှတ်ချက်တွေအောက်မှာသာ သွားနေကြရတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းတွေဟာ မြန်မာ့ပဋိပက္ခကို အမြစ်ပြတ်ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်စေဖို့သာ အထောက်အကူပြုနေမှာဖြစ်တယ်လို့ သက်ဆိုင်သူ အဖွဲ့အစည်းများ သတိပြုသင့်ပြီဖြစ်ကြောင်း…။
ကိုးကားချက်များ :
- တဖွဲ့ချင်းနှင့်အပစ်ရပ်ရေးဆန်းစစ်ချက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စာတမ်း (ISP Myanmar)
- ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း (KIC-Karen News)
- EAOsနဲ့ နေပြည်တော် တွေ့ဆုံဆွေးနွေးပွဲများ၏ သတင်းထုတ်ပြန်ချက်များ



