Homeဆောင်းပါးမြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် အိမ်နီးချင်း အခန်းကဏ္ဍ

မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် အိမ်နီးချင်း အခန်းကဏ္ဍ

-

လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲသည် အိမ်နီးချင်းတို့၏ အခန်းကဏ္ဍနှင့် ရှုထောင့်စုံ သက်ရောက်သည်ဟု ဆိုနိုင်သည်။ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီး တရုတ်နှင့် အိန္ဒိယတို့အကြား တည်ရှိပြီး ထိုင်းနိုင်ငံဖြင့်လည်း ထိစပ်နေသည်။

အလားတူ အရှေ့တောင်အာရှ နိုင်များဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ (ASEAN) အဖွဲ့ဝင် နိုင်ငံတစ်ခုလည်း ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၏ မူဝါဒများသည် မြန်မာ့အရေးအပေါ် သိသိသာသာ လွှမ်းမိုးမှု ရှိသည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး လှုပ်ရှားမှု၊ စစ်အာဏာရှင်စနစ်ဖြုတ်ချနိုင်ရေး စသည်တို့သည် အိမ်နီးချင်း နိုင်ငံများနှင့် အတိုင်းအတာတစ်ခုအထိ သက်ရောက်သည်ဟု သုံးသပ်သူများက ဆိုသည်။

⬛တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှည်လျားဆုံး အိမ်နီးချင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ် သြဇာသက်ရောက်မှုအရှိဆုံး နိုင်ငံတစ်ခုဖြစ်နေသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ စီးပွားရေးနှင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ မြစ်ဆုံဆည်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရန်ကုန်မြို့သစ် စီမံကိန်း စသဖြင့် စီမံကိန်း အများအပြားရှိနေသည်။

ထို့အတူ တရုတ် – မြန်မာနယ်စပ်တလျှောက်တွင် အခြေပြုလှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအပေါ် လွန်စွာဩဇာသက်ရောက်နေပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုကို အလဲလဲအပြိုပြို ဖြစ်စေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြီး ရပ်ဆိုင်းသွားခြင်းသည်လည်း တရုတ်၏ ကြားဝင် စေ့စပ်မှုအရပင် ဖြစ်သည်။

တဖက်တွင်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်က ဗီတိုအာဏာသုံးကာ စစ်အုပ်စုကို အကာအကွယ်ပေးလေ့ ရှိသည်ကို တွေ့ရသည်။

⬛အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍ

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် ပထမဦးဆုံးသွားရောက်သည့် နိုင်ငံသည် အိန္ဒိယနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခုအထိ ရှိသည်။ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး တို့သည် နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယ စီးပွားရေး စင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့် သော့ချက်များ ဖြစ်သည်။

တဖက်တွင်လည်း အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များမှ လက်နက်ကိုင်အဖွဲ့များနယ်စပ်တွင် အခြေစိုက်စခန်းအဖြစ် မလုပ်ဆောင်နိုင်ရန်အတွက် မြန်မာစစ်အုပ်စုနှင့် ပူးပေါင်း၍ ဆောင်ရွက်မှုများ ရှိနေသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံအတွင်း အခြေစိုက်ထားသော အာသံလက်နက်ကိုင်တပ်ဖွဲ့ United Liberation Front of Asom (ULFA) ရဲ့ စခန်းကို အိန္ဒိယအစိုးရတပ်က ဝင်ရောက်ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သည်။

အိန္ဒိယသည် ဒီမိုကရေစီစနစ်ကို လိုလားသော်လည်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် လက်ရှိ အာဏာပိုင်များနှင့်လည်း ဆက်ဆံရေး ပျက်ပြားမသွားအောင် ထိန်းသိမ်းလေ့ရှိသည်။

⬛ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍ

ထိုင်းနိုင်ငံသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ ရိုက်ခတ်မှုကို တိုက်ရိုက်ပတ်သက်ဆက်နွယ်ရသည့် နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ စစ်ဘေးရှောင်များ၊ ရွှေ့ပြောင်းလုပ်သားများ အလုံးအရင်းဖြင့် ဝင်ရောက်လာမှု ကြုံတွေ့နေရသည်။

မြန်မာ – ထိုင်း နယ်စပ်တစ်လျှောက် ယခင် ဒုက္ခသည်စခန်းများ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းနောက်ပိုင်း ထပ်မံရောက်ရှိလာသော စစ်ဘေးရှောင်များရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ ဆောင်ရွက်ရလျက်ရှိသည်။

ထို့အတူ နယ်စပ်တစ်လျှောက်တွင်လည်း စစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်နေသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိနေသည်။

⬛အာဆီယံ (ASEAN) ၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်သဖြင့် အာဆီယံ၏ ရပ်တည်ချက် သဘောထားသည်လည်း အရေးကြီးသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ခေါင်းဆောင် ကိုယ်တိုင် သဘောတူခဲ့သည့် ဘုံသဘောတူညီချက် (၅) ရပ် (5-Point Consensus) ကို လိုက်နာရန် ပျက်ကွက်ခဲ့သည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ရှိနေပြီး လက်ရှိတွင် ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစုအဖွဲ့သည် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြန််လည်တက်ရောက်ခွင့်ရရန် ကြိုးပမ်းနေသည်ဟု တော်လှန်ရေးခေါင်းဆောင်များက ဆိုသည်။

⬛နွေဦးတော်လှန်ရေး အလားအလာ

စစ်အာဏာသိမ်းမှုကို လက်မခံသော လူငယ်များသည် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များထံ စစ်ပညာကိုသင်ယူ၍ စစ်အာဏာရှင်ဖြုတ်ချရေး ဆန့်ကျင်တိုက်ခိုက်နေသည်မှ ၅ နှစ်ကျော်ကာလပင် ရှိလာပြီဖြစ်သည်။

နယ်စပ်ဒေသမှသည် နိုင်ငံတစ်နံတစ်လျား လက်နက်ကိုင်တော်လှန်‌ရေး လုပ်ဆောင်ချက်များ အရှိန်ကောင်းနေဆဲဖြစ်ပြီး မြန်မာစစ်တပ်နှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။ သို့သော်လည်း စစ်အာဏာရှင် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိလာနေပြီး ရှုပ်ထွေးမှုများ ရှိနေသည်ကို တွေ့ရသည်။

⬛မြန်မာ့နိုင်ငံရေး အပြောင်းအလဲ

သမ္မတရာထူးကို ရယူထားသူ ဦးမင်းအောင်လှိုင်သည် လက်ရှိတွင် အိန္ဒိယ၊ တရုတ်နိုင်ငံတို့ထံ သွားရောက်ပြီး သံတမန်ဆက်ဆံရေး တည်ဆောက်နေသလို ပြည်တွင်းရှိ ၎င်းတို့ စီမံကိန်းများ စတင်နိုင်ရေး လုပ်ဆောင်လျက်ရှိနေသည်။

မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့သည့် နယ်စပ်ဒေသ တည်ငြိမ်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် နယ်စပ်မျဉ်းတွင်ရှိသည့် တော်လှန်ရေးအဖွဲ့များကို ဖိအားပေးလာနိုင်ပြီး နိုင်ငံရေးအပြောင်းအလဲကို မဖြစ်စေလိုသည့် သဘောရှိသည်ကို တွေ့ရသည်။

စစ်အစိုးရ အာဏာရှိနေသည်ကို သဘောကျသည့် အနေအထားမျိုး တွေ့ရပြီး အဆိုပါ အိမ်နီးချင်းနိုင်ငံများ သဘောထား မပြောင်းလဲပါက နယ်စပ်မျဉ်းမှာ ထိုင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများမှာ အိမ်နီးချင်းနိုင်ငံများ၏ ဖိအားကို လွန်ဆန်နိုင်ဖွယ် မရှိပေ။

နွေဦးတော်လှန်ရေး အင်အားစုနှင့် တိုင်းရင်းသား လက်နက်ကိုင်များကပါ ပြည်ပဖိအားကို လွန်ဆန်နိုင်သည့် အနေအထားဆိုပါက ပြောင်းလဲမှု တစုံတရာ ဖြစ်နိုင်သည်။
သို့သော်လည်း မိမိတို့၏ ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲကို မည်သည့်နိုင်ငံမှ အဆုံးအဖြတ် မပေးနိုင်ဘဲ မိမိတို့ ပြည်သူကသာ အဆုံးအဖြတ်ပေးနိုင်သည်ဆိုသည့် အမြင်မျိုးလည်း ရှိနိုင်သည်။

လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရာတွင် အိမ်နီးချင်းနိုင်ငံများ၏ နားလည်မှု၊ အသိအမှတ်ပြုမှု၊ စစ်ရေးဖော်ဆောင်ရာတွင် ပံ့ပိုးမှုများ စသည့်ကဏ္ဍအသီးသီးတွင် အိမ်နီးချင်းများ၏ အကူအညီသည် များစွာလိုအပ်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှုမှာ အတိုင်းအတာ အခုတွင် ရှိနေပြီ သုံးသပ်၍ ရသည်။

အိမ်နီးချင်းနိုင်ငံများသည်လည်း မိမိတို့၏ အမျိုးသားလုံခြုံရေး၊ စီးပွားရေး နှင့် နယ်စပ်တည်ငြိမ်ရေး စသည့် ရှု့ထောင်ကို အခြေခံ၍ မြန်မာ့နိုင်ငံရေးအပေါ် ချဉ်းကပ်လေ့ရှိကြသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများတွင် အိမ်နီးချင်းများ၏ ထောက်ခံမှု သို့မဟုတ် ဖိအားပေးမှုများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts