Homeသတင်းမိုးသည်းထန်ရွာသွန်းနိုင်သဖြင့် ထိုင်းမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ရေကြီးရေလျှံဖြစ်ပွားမှု သတိရှိရန် ထပ်မံသတိပေး

မိုးသည်းထန်ရွာသွန်းနိုင်သဖြင့် ထိုင်းမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ရေကြီးရေလျှံဖြစ်ပွားမှု သတိရှိရန် ထပ်မံသတိပေး

-

ထိုင်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လ ၂၅ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး တောင်ကျရေလျှံမှုနှင့် မြစ်ရေကြီးမှု ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ သဘာဝဘေးသတိရှိရန် ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန (TMD) က သတိပေးထုတ်ပြန်ထားသည်။

ထိုင်းမိုးလေဝသထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် လာမည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိသည်။

အထူးသဖြင့် ဘန်ကောက်နှင့် အနီးတစ်ဝိုက်ဒေသများတွင်လည်း အဓိကအားဖြင့် နေ့လယ်နှင့် ညနေပိုင်းအချိန်များ၌ မိုးကြိုးမုန်တိုင်းများ ဖြစ်ပွားနိုင်ခြေ ၆၀ ရာခိုင်နှုန်း အထိ ရှိပြီး မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်လှိုင်းလုံးများသည် ၂ မီတာထက် ကျော်လွန် မြင့်တက်နိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ကျရေလျှံခြင်းနှင့် မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ထားရန်နှင့် ဘေးကင်းလုံခြုံသောနေရာများတွင် နေထိုင်ကြရန် တိုက်တွန်းထားသည်။

၎င်းအပြင် အက်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့အတွင်းရှိ ရေကြောင်းသွားလာသူများ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ခရီးစဉ်များကို အထူးသတိပြု ဆင်ခြင်ကြရန်နှင့် မုန်တိုင်းပြင်းထန်သော နေရာများကို ရှောင်ကွင်းမောင်းနှင်ကြရန် အကြံပြုထားသည်။

တစ်ချိန်တည်းမှာပင် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းသည် ဇူလိုင်လ ၂၄ ရက်မှ ၂၅ ရက်အတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာကာ ဖိလစ်ပိုင်မြောက်ပိုင်းကို ဖြတ်ကျော်သွားမည်ဟု ဖြစ်သည်။

အဆိုပါ မုန်တိုင်း၏ အရှိန်ကြောင့် အာဆီယံဒေသတွင်းနှင့် ထိုင်းနိုင်ငံအတွင်းသို့ မုတ်သုံလေစီးကြောင်းများ ပိုမိုတွန်းပို့ပေးကာ မိုးရွာသွန်းမှုကို ပိုမိုအားကောင်းစေခြင်း ဖြစ်သည်။

ထို့ကြောင့် ကုန်းမြင့်‌ဒေသ၊ တောင်ခြေနှင့် ရေပြွန်မြောင်းများအနီး နေထိုင်သူများအနေဖြင့် မိုးရေချိန်စုဆောင်းမှုကြောင့် ရေကြီးရေလျှံနိုင်ခြေကို စောင့်ကြည့်ကာ အရေးပေါ်ရွှေ့ပြောင်းရန် ပြင်ဆင်ထားသင့်ပြီး၊ ပြည်သူများအားလုံး ရာသီဥတုသတင်းများကို စဉ်ဆက်မပြတ် နားထောင်ကြရန် မိုးလေဝသဌာနက သတိပေးနှိုးဆော်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts