မွန်ပြည်နယ်တွင် စက်သုံးဆီပြတ်လပ်မှု တစ်ဖန်ရင်ဆိုင်နေရပြီး ဆီအလုံအလောက်မရရှိမှုကြောင့် အပြင်မှောင်ခိုဈေးကွက် ပေါ်ပေါက်လာကာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အဂတိလိုက်စားမှုများ ပိုမိုဆိုးရွားလာနေသည်။
မြို့နယ်အများအပြားတွင် စက်သုံးဆီပြတ်လပ်နေမှုကြောင့် ဆိုင်ကယ်များ စုံမခွဲကာ ဝယ်ယူရန်၊ QR စနစ်ဖြင့် ရောင်းချရန် စစ်ကော်မရှင်အဖွဲ့မှ ပြန်လည်ကြပ်မတ်လာသည်။
ပြင်ပဈေးကွက်တွင် တစ်လီတာ ပေါက်ဈေး သောင်းဂဏန်းအထိရှိလာနေပြီး စက်သုံးဆီ မကြာခဏ ပြတ်လပ်နေသည့် အကြောင်းအရင်းများနှင့် ဝယ်ယူရောင်းချခွင့် ပြန်လည်ကြပ်မတ် ထားသည့်အကြောင်းကို မွန်ပြည်နယ် စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးကို IMNA မှ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။မွန်မှာ စက်သုံးဆီမကြာခဏ ပြတ်လပ်နေတာက ဘာ့ကြောင့်လဲ။
ဖြေ။ ။ အစီအမံပေါ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင် ဒီလိုဖြစ်တာပေါ့။ ဒါလည်း ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရပါဘူး။ ။ Supply နဲ့ demand နဲ့မမျှဘူး။ ပြတ်လပ်တာတော့မဟုတ်ဘူး နည်းနည်းဖမ်းပြီး ချုပ်လိုက်တာ ဆီက သူ့ဟာနဲ့သူရှိတယ်။
ဒီလမှာ အဓိက ဘာသွားတွေ့လည်းဆိုရင် ဂါလံ ကိုးသိန်းလောက်ကို ရေးဘက်ကို ကုန်းလမ်းမဟုတ်ဘဲ ရေလမ်း သင်္ဘောနဲ့တစ်ခါတည်းသွားပို့တယ်။ လုပ်ငန်းသုံးဆီ (အိုန်းဗီအို)ဆိုပြီး အပြင်ကို ဈေးကောင်းကောင်းနဲ့ သွင်းတဲ့ကုမ္ပဏီက အပြင်ကို ရောင်းတာပေါ့နော်။ အဲကြောင့် ဒီလ ခွဲတမ်းက နည်းသွားတယ်လို့ ကျနော်ထင်တယ်။ မော်လမြိုင်မြို့ရဲ့ ၁၀ ရက်စာလောက်ရှိတယ်ပေါ့နော်။
မေး။ ။ အဲ့တော့ အခုဇူလိုင်လမှာ စက်သုံးဆီရရှိမှုခွဲတမ်းနဲ့ အရောင်းအဝယ်အခြေအနေ ဘယ်လိုရှိနေလဲ။
ဖြေ။ ။ ပေးနေကျအောက်ကို ၂၀ ရာခိုင်နှုန်းလျော့သွားတယ်ပေါ့နော်။ ဒီဇယ်ကတော့ ၁၀ ရာခိုင်နှုန်း လျှော့ချတယ်။ အဲ့လိုမျိုးတွေ နောက်သူကလည်း တကယ်တမ်း မလောက်မငှလို့ စနစ်ကမှန်တော့ မှန်ပါတယ်။ တင်တောင်းတာလည်း သဘောပေါက်တယ်။သို့ပေမဲ့ cctv ကင်မရာ တစ်ပတ်စာကို ပြပါဆိုလည်း အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်းပြခိုင်းတော့လည်း ကျနော်တို့ ဆိုင်သမားက မတင်ပြနိုင်ဘူး။ ဒါဆို သူတို့မပေးဘူးပေါ့နော် နှစ်ဦးနှစ်ဖက် မပေးနိုင်တဲ့အခါမှာ နည်းနည်းပူညံပူညံ ဖြစ်လာရောပဲ။
မေး။ ။ စက်သုံးဆီ ပြတ်လပ်တိုင်း ဆီဆိုင်တွေမှာ ဘယ်လိုစိန်ခေါ်မှုနှင့်ကြုံတွေ့ နေရလဲ။
ဖြေ။ ။ ကျနော်တို့ စက်သုံးဆီသမားတွေလည်း ဒီလိုဖြစ်လာလို့ရှိရင် ဒီကောင်တွေ အပြင်ထုတ်ရောင်းလို့ ဖြစ်တာပဲ။ စက်သုံးဆီလုပ်ငန်းရှင်တွေ မသမာမှုလုပ်နေတယ်ဆိုပြီးတော့ ပုံးနဲ့ထုတ်နေသလား။ ပေပါနဲ့ထုတ်နေသလား။ စောင့်ကြည့်ခံရတဲ့အုပ်စုတွေ ဖြစ်သွားတယ်။ လုံလုံလောက်လောက် ဆိုင်မှာရနေရင် အပြင်မှောင်ခိုဈေးကွက်လည်း မရှိဘူး။ ဆီဆိုင်အနေနဲ့လည်း အတတ်နိုင်ဆုံး ရောင်းချင်တာပေါ့နော် ဒါမဲ့ရတဲ့ပမာဏနဲ့ ချိန်ပြီး ရောင်းနေရတယ်။
မေး။ ။ မွန်ပြည်နယ် စက်သုံးဆီကိစ္စကို ဘယ်လို ပြန်လည်ကြပ်မတ်ရင် အဆင်ပြေမယ်လို့ ထင်သလဲ။
ဖြေ။ ။ အရှေ့အလယ်ပိုင်းပြဿနာကြောင့် ဆီဈေးကြီးတယ်။ သွင်းနိုင်တဲ့ကောင်သွင်း ကျရင်ခံ တက်ရင်လည်း စားပေါ့။ အစိုးရညှိပေးရမှာက ဈေးနှုန်းမကစားဖို့ သူ့ဟာနဲ့သူ ကိုင်ပြီး မကစားအောင် ဈေးနှုန်းတန်းညှိပေးရင် အဆင်ပြေမယ်။ မင်းဟာနဲ့ မင်းတို့ရောင်း မင်းဟာနဲ့မင်းတို့သွင်း အစိုးရအနေနဲ့ ကမ္ဘာ့ဈေးနှုန်း ရေနံဈေးနဲ့ တွက်ချက်ပြီးတော့ ငါတို့ကဈေးနှုန်းသတ်မှတ်ပေးမှာ အဲ့လို အကြံပြုရတာပေါ့။
ဈေးကြီးရင်လည်း ကြီးသလို ချွေတာသုံးပေါ့နော်။ အဲ့လိုအနေအထားတစ်ခုနဲ့ ထုတ်ပေးမှရမယ်။ မဟုတ်ရင် တန်းစီတဲ့အဆင့် ပြန်ရောက်သွားမှာ။ ကိုယ့်နည်းကိုယ့်ဟာနဲ့ သွင်းခွင့်ပေးပြီး ကျသင့်တဲ့ အခွန်ခကို နိုင်ငံတော်ကကောက်တာမျိုးတော့ လုပ်စေချင်တယ်။ အခုက အရေးယူတာမျိုး၊ ထောင်ချတာတို့ သံသရာလည်နေတယ်။ တရားရုံးမှာ လူတွေကြပ်နေတာပဲ ဒါကလည်း စီမံမှုအလွဲအမှားတွေကြောင့်ပေါ့နော်။
မေး။ ။ မွန်ပြည်နယ်လွှတ်တော်ကနေ စက်သုံးဆီကိစ္စ ဖြေရှင်းပေးနိုင်မယ်လို့ထင်လား။ လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဘယ်လိုမျှော်လင့်ထားတာရှိလဲ။
ဖြေ။ ။ လွှတ်တော်မှာ ဂဃဏနတော့ တင်ပြနေတာရှိတယ်လို့ သိရတယ်ပေါ့။ တန်းတူညီတူအခွင့်အရေး ရှိသင့်တယ်ဆိုပြီးတော့လေ။ အရင်တုန်းက လွှတ်တော်မရှိတဲ့အခါက One Way ဖြစ်နေတယ်။ ပြောလို့တော့မရဘူး ငါပြောသလိုလုပ်ဆိုတာကနေ အခုကTwo Way ဖြစ်သွားပြီး နည်းနည်းပြောလို့ဆိုလို့ ရတယ်။ ဆိုတဲ့အခါ ဒီလဝါဘက်ကနေ သွင်းမဲ့ အစီအစဉ်မရှိသေးဘူး ပြည်နယ်အစိုးရက ဖြေကြားတယ်။ ဒါကိုမွန်ပြည်နယ်ကနေပြီးတော့ သတင်းဌာနကနေကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်ပေါ့။ စာရေးဆရာတွေပြောသလို တံခါးကခေါက်ပါများမှာ ပွင့်မှာပေါ့။ ခေါက်ပါများရင် နားငြီးတော့ သူတို့ဖွင့်ပေးမှာပေါ။ အခြားပြည်နယ်တိုင်းတွေထက် ဈေးကြီးတဲ့ကိစ္စကို တွင်တွင်ကျယ်ကျယ်ပြောရမယ်။
မေး။ ။ စက်သုံးဆီဈေးပိုကြီးတာ၊ မကြာခဏပြတ်တောက်မှုဖြစ်နေတဲ့အပေါ် မွန်ဒေသခံပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ ဘယ်လို ထိခိုက်နစ်နာတာတွေ ရှိနေတာကို တွေ့ရလဲ။
ဖြေ။ ။ ပြည်သူတွေ ဒုက္ခရောက်တာပေါ့ ကုန်ဈေးနှုန်းတက်တယ်။ အခုကြည်ဥဆို တစ်လုံးကို ၆၀၀၊ ၇၀၀ ဖြစ်သွားမယ်။ ဝယ်ယူရခက်ခဲမယ်။ အကုန်လုံးပြည်သူပေါ်သက်ရောက်တယ်။ တို့ပြည်နယ်ကလည်း နဂိုကတည်းက အခြားပြည်နယ်ထက် ဈေးကြီးနေတာ ဒီဇယ်တစ်လီတာဆို ၃၀ ရာခိုင်နှုန်းလောက် အခြားပြည်နယ်က ဒေါ်လာပံ့ပိုးပေးတာပေါ့နော်။
တို့ပြည်နယ် လုံးဝမပံ့ပိုးပေးဘူး။ တို့က ဈေးကြီးတယ်။ သူများထက်စာရင် ဒီဇယ်တစ်လီတာဆိုရင် သီလဝါဈေးနဲ့ တို့ပြည်နယ်ဆို ၅၀၀ ကွာတယ်။ အခြားဆီဆို ၂၀၀ ပတ်ဝန်းကျင်ကွာတယ်။ ဆီ ၄ မျိုးရှိတဲ့အထဲမှာ ဒီဇယ်တစ်မျိုးကို အစိုးရဈေးနဲ့ သုံးဆယ် ရာခိုင်နှုန်း ဒေါ်လာပံ့ပိုးပေးတယ်။ မွန်ပဲမပံ့ပိုးပေးဘူး။ပြည်နယ်ချင်းကပ်နေတဲ့ ကရင်ပြည်နယ်တို့ တနင်္သာရီတို့လည်း ဈေးကြီးနေတယ်။ အချို့ဆို လယ်ယာလုပ်ငန်းလည်း မလုပ်နိုင်ဘူး ဆီဈေးကြီးလို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျကျန်တယ်။ လူငယ်တွေလည်း လုပ်ခလစာနဲ့ မလောက်တော့ နိုင်ငံရပ်ခြား ထွက်သွားကုန်တယ်။ အဲ့လိုဖြစ်တော့ လူသားအရင်းအမြစ်မရှိတော့ဘူး၊ လုပ်အားလည်းမရှိဘူး။



