ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူနှင့် စံခလပူရီနယ်စပ်ဒေသကြား တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ ကာကွယ်ရန် ထိုင်းနယ်စပ်လုံခြုံရေးပူးပေါင်းအဖွဲ့များက စိုက်ပျိုးရေးလမ်းကြား၊ ကုန်သွယ်ရေးလမ်းကြားကဲ့သို့ နေရာများသို့သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ကွင်းဆင်းစစ်ဆေးမှုအတွင်း ဒုတိယရဲမှူးကြီး Jenyut Prasithaphongsonthorn ဦးဆောင်၍ အမှတ် (၁၃၄) ခြေလျင်တပ်ရင်း၊ စံခလပူရီရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံရပ်မိရပ်ဖများ၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) တို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။
ယခုဇူလိုင်လအတွင်း ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းလုပ်သား ၄၈ ဦး ဖမ်းဆီးရာမိထားကြောင်း သိရသည်။
ထို့ကြောင့် ဥပဒေမဲ့လုပ်ရပ်များ၊ ကုန်ပစ္စည်းမှောင်ခိုမှုများနှင့် တရားမဝင် ဝင်ရောက်မှုများကို တားဆီးနှိမ်နင်းနိုင်ရန်အတွက် အစိုးရမှ ပိတ်ဆို့ထားသော မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်ပေါက်များ၏ အတားအဆီးများ ကြံ့ခိုင်မှုရှိမရှိနှင့် လုံခြုံရေးအစီအမံများကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုးကာ-Kanchanaburi News



