ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူများကို စစ်တပ်က အဖမ်းအဆီးပြနေသော်လည်း ကျားဖြန့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြဝတီ၊ ရွှေကုက္ကိုလ်တို့တွင် ကျားဖြန့်လုပ်ငန်းများ အရင်ကထက် နည်းသွားသော်လည်း နိုင်ငံခြားသားအများစု တွေ့နေရသေးကြောင်း၊ မြန်မာလူငယ်အများစုမှာလည်း လောင်းကစားကြော်ငြာသည့်အလုပ်များတွင် လုပ်နေခြင်းမျိုး တွေ့ရကြောင်း မြဝတီဒေသခံတစ်ဦးက ပြောသည်။
“မြဝတီရဲ့အချို့ဂိတ်တွေထဲမှာရယ်၊ ရွေကုက္ကိုလ်၊ ဖလူး၊ ကျောက်ခတ် အဲလိုနေရာတွေမှာကအစ ကျားဖြန့်တွေ ရှိနေသေးတယ်။ သိရသလောက်ဆို မယ်ထော်သလေး အင်ကြင်းမြိုင်ဘက်က AA ဆိုတဲ့ ဆိုဒ်ကြီးကတော့ လည်ပတ်နေသေးတယ်လို့ ကြားတယ်။ အရင်ကထက်တော့ ပါးသွားတာပဲရှိတာ အဲဒီမှာတော့ နိုင်ငံခြားသားတွေလဲ အတော်များများ တွေ့ရတယ်။ မြဝတီမြို့ထဲကဆို ဂိတ်တွေ ကာစီနိုလိုရုံလို့ ခေါ်တဲ့နေရာတွေမှာလဲ လောင်းကစားကြော်ငြာအလုပ်တွေ လုပ်နေတာမျိုးတွေမှာကျ မြန်မာလူငယ်လေးတွေ များတယ်။ ကျောက်ခတ်ဘက်တွေမှာလဲ လက်ရှိ ရှိနေကြတယ်” ဟု ပြောသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၆၉ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ကျန်ရှိသည့် အဆောက်အအုံ ၈ လုံးကိုလည်း ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်နေ့က စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။
မြဝတီ၊ ရွှေကုက္ကိုလ်၊ KK Park နယ်မြေရှိ ကျားဖြန့်လုပ်ငန်းများကို စစ်တပ် နှင့် ကရင်နယ်ခြားစောင့်တပ်BGF တို့ အဆောက်အအုံ ဖြိုချဖျက်ဆီးမှု လုပ်ဆောင်ခြင်းမှာ လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအခြေအနေအရ တရားဥပဒေ စိုးမိုးမှုအားနည်းခြင်းကြောင်း တရားမဝင်လုပ်ငန်းများ ပိုမိုးလုပ်ဆောင်မှု များလာကြောင်း တောင်ပိုင်းဒေသမှ တော်လှန်ရေးလူငယ်တစ်ဦးက ပြောသည်။
“မြန်မာနိုင်ငံမှာက အခုဆိုလို့ရှိရင် ဘယ်လိုမျိုး ဖြစ်နေသလဲဆိုလို့ရှိရင် ဘယ်နိုင်ငံကမှ အသိအမှတ် မပြုတဲ့ နိုင်ငံလို ဖြစ်နေတော့ တရားဥပဒေမရှိတဲ့ အလုပ်မျိုးတွေ တော်တော်များများ လုပ်လာတာတွေ့ရတယ်။ ဒါက အကိုတို့ သုံးသပ်တာ၊ တော်တော်များများလည်း သိရတယ်။ တရားဥပဒေနဲ့ မလွတ်တဲ့ အလုပ်မျိုးတွေ လုပ်တယ်၊ နောက်ဆုံး လူကုန်ကူးတာမျိုးတွေ၊ လူတွေ ရောင်းစားတာမျိုးတွေ နောက်ပိုင်း ဘာတွေ ဖြစ်လာသလဲဆိုရင် ရန်ကုန်မှာဖြစ်ဖြစ် တခြားမြို့တွေမှာဆိုရင်လည်း စစ်မှုထမ်းဖို့အတွက် လူတွေ ရောင်းတာမျိုးတွေလည်းရှိတယ်။ ဒီရွှေကုက္ကိုလ်ဖက်မှာလည်း ဒီလိုမျိုးတွေ ရှိတယ်ပေါ့နော်” ဟု ပြောသည်။
ကျားဖြန့်လုပ်ငန်းများကို BGF နှင့် တရုတ်တို့က အဓိကစတင်၍ လုပ်ဆောင်ခဲ့ပြီး မြဝတီ၊ ရွှေကုက္ကိုလ် ဒေသတွင် BGF က ထိန်းချုပ်၍ မင်းလက်ပံ၊ ဖလူး၊ ကျောက်ခတ် ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို DKBA က အကာအကွယ်ပေးထားကြောင်း ဆိုသည်။
မြဝတီ၊ ရွှေကုက္ကိုလ်တို့တွင် ကျားဖြန့်လုပ်ကိုင်သူများအား ဖမ်းဆီးခြင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်းများကြောင့် အဆိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူများသည် ရွှေကုက္ကိုလ်မြို့အပြင်တွင် အဆောက်အအုံများ ထပ်မံဆောက်လုပ်နေကြောင်း မြဝတီဒေသခံတစ်ဦးက ဆက်ပြောသည်။
“အဲလိုဖြစ်နေပေမဲ့ SKK မြို့ရဲ့ အပြင်ဘက်တွေမှာပါ အဆောက်အုံကြီးတွေပါ ထပ်တိုးချဲ့ပြီး ဆောက်နေကြသေးတာတွေရှိနေတယ်။ ဒါကလဲ ကျားဖြန့်လုပ်ဖို့ပဲလို့ အတော်များက ယူဆနေကြတယ်။ အဓိကရွေ့သွားကြတာဆိုရင် သစ်ကသီရွာဘက်ကိုများတယ်လို့ကြားမိတယ်” ဟု ပြောသည်။
အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူးဒေသတို့တွင် တော်လှန်ရေးအင်အားစု နှင့် စစ်တပ်တို့ တိုက်ပွဲများကြောင့် KK Park ရှိ ကျားဖြန့်လုပ်ငန်းများ ကျောက်ခတ်သို့ ရွေ့ပြောင်း လုပ်ကိုင်နေကြသလို ရှမ်းပြည်နယ်အပါအဝင် တခြားသော မြို့ကြီးများတွင် သွားရောက်လုပ်ကိုင်ကြကြောင်း ပြောသည်။
စစ်တပ်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ၎င်းတို့အကျိုးအမြတ် အများအပြားရရှိနေသည့် ကျားဖြန့်လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ပြန်လည်၍ ဖမ်းဆီးပြနေကြခြင်းသည် နိုင်ငံရေးအရ အကာအကွယ်သဘောမျိုး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးသမားများက ဆိုသည်။



