Homeသတင်းပေါင်မြို့ပေါ်ရှိ လေဘေးသင့် ဒေသခံများ အကူအညီရရှိမှုနည်းပါး

ပေါင်မြို့ပေါ်ရှိ လေဘေးသင့် ဒေသခံများ အကူအညီရရှိမှုနည်းပါး

-

မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်ရပ်ကွက်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အဦး ရာဂဏန်းနီးပါး ပျက်စီးခဲ့ရပြီး အကူအညီရရှိမှုနည်းသဖြင့် နေအိမ်ပြန်လည်ပြင်ဆင်ဆောက်လုပ်ရန် ခက်ခဲနေကြောင်း သိရသည်။

စစ်ကော်မရှင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ စာရင်းများအရ ဇူလိုင်လ ၅ ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်နှင့် ကဒုံစီးရပ်ကွက်ရှိ အိမ်ထောင်စု ၆၆ စုမှ လူဦးရေ ၂၄၄ ဦး လေဘေးသင့်ခဲ့ရသည်ဟု ဖော်ပြထားသည်။

နိုင်ငံရေးပါတီအချို့မှ စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ်သောင်းဂဏန်းသာ ထောက်ပံ့ခြင်းများ လုပ်ဆောင်နေသော်လည်း အခြေခံမိသားစုများအတွက် ကာမိခြင်းမရှိကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“အိမ်ပြန်ပြင်ရတာဆို အချို့ ချေးဌားပေါင်ရတာမျိုးရှိတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက သူ့အိမ်နဲ့သူ ပြန်ပြင်လို့ပြီးနေပြီး၊ သွပ်မိုးတာဆိုရင် ၃၀ လောက်ကုန်တယ်။  တစ်အိမ်ကို ၈ သောင်းပဲပေးတော့ သွပ်နှစ်ချပ်ပဲကာမိတယ် တစ်အိမ်ကိုအနည်းဆုံးသွပ်ပြား ၃၀ လောက်လိုတာ။” ဟုပြောသည်။

မြေပြင်တွင် လေဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု ၁၀၀ နီးပါးရှိသော်လည်း ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုများ ဖြစ်သည့်အတွက် စစ်ကော်မရှင်အဖွဲ့မှ အကူအညီပေးဆောင်ခြင်းမရှိပေ။

၎င်းအပြင် ကျူးကျော်ဆောက်လုပ်ထားသည့် တဲများ၊ နေအိမ်များ၊ ဈေးဆိုင်များကို  မြို့နယ်စည်ပင်အဖွဲ့မှ ပြန်လည်ဆောက်ခွင့် မပြုတော့ကြောင်းလည်း  သိရသည်။

“ လမ်းအကျယ် ပေတစ်ရာ ရှိတယ်။ ပေတစ်ရာထဲမှာရှိတဲ့ခြံတွေကိုတော့ တရားဝင်အိမ်လို့ သတ်မှတ်ပြီးတော့ သူတို့က လမ်းဘေးဈေး၊ တဲတွေ ကွမ်းယာဆိုင်တွေကို မတွက်ဘဲနဲ့ခြံဝင်းထဲက အိမ်တွေကိုတွက်ပြီးတော့ မနေ့က ၆၅ လုံးလားမသိဘူး အဲ့လောက်ပဲအတည်ရမယ်” ဟု အထက်ပါ မြို့ခံက ပြောသည်။

နေအိမ်နှင့်ဆိုင်ခန်းများ ပြန်ဆောက်ခွင့်မရှိတော့သဖြင့် ကျူးကျော်မိသားစုများအတွက် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်ဟုပေါင်မြို့ခံတစ်ဦးကပြောသည်။

ပေါင်မြို့တွင် မိုးရာသီကာလ၌နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန်လည်း လူမှုကူညီရေးအဖွဲ့များ တိုက်တွန်းအကြံပြုထားသည်။

၂၀၂၅ ခုနှစ် မိုးရာသီအတွင်း ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်အပါအဝင် လေဆင်နှာမောင်း တိုက်ခိုက်မှုဒဏ်ကို ၆ နေရာထက်မနည်းကြုံတွေ့ခဲ့ရပြီး ထိခိုက်ပျက်စီးမှုများခဲ့သလို လူထိခိုက်ဒဏ်ရာရသည်လည်းရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts