မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာမှ မူယစ်ဆေးဝါးကိစ္စကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ထံ ဖမ်းဆီးခံရသည့် မွန်လူငယ် ၄ ဦးတို့ ရိုက်နှက်ခံထားရမှုကြောင့် ၁ ဦး သေဆုံးသွားရကြောင်း DKBA နှင့်နီးစပ်သည့် ဒေသခံများမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က တရနာကျေးရွာသို့ DKBA အဖွဲ့ဝင်များက ရောက်ရှိလာပြီး မူးယစ်ဆေးဝါးသုံးစွဲနေသည့် အသက် ၂၀ ဝန်းကျင်းအရွယ်ရှိ မွန်လူငယ် ၄ ဦးကို ၎င်းတို့ တပ်စခန်းတည်ရှိရာ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဖမ်းဆီးထိန်းသိမ်းထားစဉ် လူငယ် ၄ ဦးတို့ အလွန်အကျွံရိုက်နှက်ခံရမှုကြောင့် ယမန်နေ့ ဇူလိုင် ၆ နေ့တွင် တစ်ဦးသေဆုံးသွားခဲ့ရကြောင်း DKBA နှင့် နီးစပ်သည့် ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့အထိ သေဆုံးသွားသည့် တရနာရွာခံ လူငယ်၏ ရုပ်အလောင်း ပြန်လည် မရရှိသည့်အပြင် ဖမ်းဆီးခံထားရဆဲဖြစ်သည့် ကျန်လူငယ်သုံးဦးတို့လည်း မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးကြောင်း ပြောသည်။
“ မိဘတွေလည်း ကလေးရဲ့ အလောင်းကို ပြန်ပေးဖို့ DKBA ကို တောင်းပေမယ့် သူတို့မပေးဘူး။ ကျန်တဲ့လူငယ် ၃ ယောက်ကလည်း သူတို့ ခုထိဖမ်းထားတုန်းပဲ”ဟု ဆိုသည်။
သေဆုံးမှုမဖြစ်ခင် လူငယ်များကို ပြန်လည်လွှဲပြောင်းပေးရန် ရာမညမွန်တပ်တော် RMA မှ DKBA တာဝန်ရှိသူများထံ ဆက်သွယ်၍ အကူအညီတောင်းခံခဲ့သေးကြောင်းလည်း သိရသည်။
အဆိုပါလူငယ်အဖွဲ့သည် မူယစ်ဆေးဝါးကိစ္စကြောင့် စစ်ကော်မရှင်ရပ်ကျေးအဖွဲ့နှင့်လည်း ယခင်က ဖမ်းဆီးခံရဖူးကြောင်း ဒေသခံများက ပြောသည်။
“အဲ့ဒီလူငယ်တွေက DKBA ဆီမှာ အဖမ်းမခံရခင်တုန်းကလည်း စစ်တပ်ဆီမှာ မူးယစ်ဆေးဝါးကြောင့် တခါ အဖမ်းခံရသေးတယ်။ ဒဏ်ကြေးအနေနဲ့ တစ်ယောက် ၃ သိန်းပေးလိုက်ရတယ်”ဟု အထက်ပါ သူက ဆက်ပြောသည်။
ယခု လူသေဆုံးမှုနှင့် ပတ်သက်၍ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ထံ IMNA မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
DKBA ၊ ဒေါနအနောက်ခြမ်း အမှတ် (၂) ကွပ်ကဲရေး နည်းဗျူဟာ(၂) မှ မည်သူမဆို တရားမဝင်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအား လက်ဝယ်ထားရှိခြင်း၊ ဖြန်ဖြူးရောင်းချခြင်း၊ တစ်စုံတစ်ရာ ပြစ်မှုထင်ရှားကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်မှ ၆ နှစ်အထိ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဧပြီလက သဘောထား ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ထားသည်။
မွန်နှင့် ကရင်လက်နက်ကိုင်အဖွဲ့များအကြား ယခင်က မူးယစ်ဆေးဝါးအပါအဝင် အမှုကိစ္စများနှင့် ပတ်သက်၍ တစ်ဖက်က ဖမ်းဆီးရမိသူကို တစ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးသည့် သဘောတူညီချက်များ ရှိခဲ့သော်လည်း ယခုဖြစ်စဉ်တွင် ယင်းသဘောတူညီချက်အတိုင်း ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။



