Homeသတင်းပေါင်မြို့၊ လေဆင်နှာမောင်းတိုက်ခတ်မှု အဆောက်အဦး ၇၀ ကျော် ထိခိုက်ပျက်ဆီး

ပေါင်မြို့၊ လေဆင်နှာမောင်းတိုက်ခတ်မှု အဆောက်အဦး ၇၀ ကျော် ထိခိုက်ပျက်ဆီး

-

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦးအပါအဝင် နေအိမ် အလုံး ၇၀ ကျော် ထိခိုက်ပျက်ဆီးမှု ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ပေါင်မြို့၊ ကဒါမြို့သစ်ရပ်ကွက်အတွင်း ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့သည်။

လေဆင်နှာမောင်းသည် ကဒါရပ်ကွက်အောက်ပိုင်းကွင်းပိုင်းမှ စတင်တိုက်ခတ်လာပြီး ကဒါမြို့သစ် (၄) လမ်းမှ (၁၃) လမ်းအထိ တိုက်ခတ်သွားခဲ့ကြောင်းနှင့် ထိုမှတဆင့် ကဒုံစီးရပ်ကွက် ဒေးပိန် (၂) အပိုင်းအထိ တိုက်ခတ်သွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ကဒါမြို့သစ်အပိုင်းမှာဘဲ အိမ်ခြေ (၇၀) ကျော် အမိုးလန် ပျက်ဆီးတာတွေရှိခဲ့တယ်။ ကဒုံစီးရပ်ကွက် ဒေးပိန် (၂) အပိုင်းမှာ နေအိမ် (၃) လုံးလောက် အမိုးလန်ပျက်ဆီးတာတွေရှိပါတယ်။ အပင်တွေလဲတာတွေလည်း ရှိတယ်။ ဓါတ်တိုင်တွေလဲတာတွေလည်း ရှိပါတယ်။ လျှပ်စစ်မီးကတော့ ညက လေဆင်နှာမောင်းကျပြီးကတည်းက ပျက်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

လေဆင်နှာမောင်းကြောင့် ကန်တော်ဦး ဘုန်းကြီးကျောင်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်ဆီးသွားခဲ့ကြောင်း၊ မြို့နယ် လဝကရုံး၊ မြို့နယ်ဆည်/မြောင်းရုံး၊ မြို့နယ်သမဝါယမရုံးနှင့် မြို့နယ်ဆောင်လုပ်ရေးရုံးလည်း ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့ပြီး အထက (မင်းတန်း) ကျောင်းလည်း ထိခိုက်ပျက်ဆီးမှု ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ကန်တော်ဦးဘုန်းကြီးကျောင်းမှ သံဃာတော် နှစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ သံဃာတော်တစ်ပါးတွင် ဒဏ်ရာပြင်းထန်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးမှုများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပေါင်မြို့နယ် ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များ ဒေသခံပြည်သူများက ဝိုင်းဝန်း ရှင်းလင်းလျက် ရှိသည်။

ပြီးခဲ့သည့်နှစ် မိုးရာသီကာလအတွင်းကလည်း ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်အပါအဝင် နေအိမ်အလုံး ၁၀၀ ကျော် ထိခိုက်ပျက်စီးမှု ရှိခဲ့သလို လူထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts