Homeသတင်းစစ်မှုထမ်းအကြောင်းပြချက်ဖြင့် စိတ်ကြိုက်ငွေကြေးတောင်းခံနေရ၍ ဂျိုင်းမြစ်ဒေသခံများအခက်ကြုံ

စစ်မှုထမ်းအကြောင်းပြချက်ဖြင့် စိတ်ကြိုက်ငွေကြေးတောင်းခံနေရ၍ ဂျိုင်းမြစ်ဒေသခံများအခက်ကြုံ

-

မွန်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသအတွင်းရှိ မွန်ကျေးရွာများတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မွန်ပြည်သူ့စစ်အဖွဲ့မှပူးပေါင်း၍ စစ်မှုထမ်းအကြောင်းပြချက်ဖြင့် ငွေတောင်းခံမှု စိတ်ကြိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

စစ်မှုထမ်းသင်တန်း အပတ်စဉ်တစ်ခုစီအတွက် လူအစားထိုးငှားရမ်းခ ငွေကျပ်သိန်း ၂၀၀ ကို ဂျိုင်းမြစ်ဒေသခံများထံ တစ်လကျပ် ၃၀,၀၀၀ နှုန်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွန်ငြိမ်းချမ်းရေးတပ်မှ နေအိမ်အထိ လစဉ် လာရောက်ကောက်ခံလျှက်ရှိသည်။

လက်ရှိတွင် အချိန်အတိအကျမရှိဘဲ ငွေကြေးလာရောက်ကောက်ခံနေသည့်အပြင် အဆိုပါငွေများကို စစ်မှုထမ်းတပ်သား ငှားရမ်းခြင်းအတွက် အသုံးပြုနေခြင်းဟုတ်မဟုတ် မည်သူမျှအတည်မပြုနိုင်ကြောင်းလည်း ဂျိုင်းမြစ် ဒေသခံတစ်ဦးက ဆိုသည်။

“ အခုကတော့ တစ်လတစ်ခါ မဟုတ်တော့ဘူး။ အထက်အမိန့်အရဆိုပြီး အချိန်မရွေး လာကောက်နေတယ်။ ဒီဘက်ရွာတွေက အိမ်ခြေ နှစ်ထောင်လောက်ရှိတဲ့ ရွာတွေဆိုတော့ ကောက်ရတဲ့ငွေက မနည်းဘူး။ ကျန်တဲ့ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတာ ဒေသခံတွေ မေးခွန်းထုတ်နေကြတယ်။ စစ်မှုထမ်းကြေးအကြောင်းပြပြီး အဲဒီအုပ်စုကပဲ စားနေတယ်။ ” ဟု ၎င်းက ပြောသည်။

ဂျိုင်းမြစ်ဒေသတွင် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ကျိုက်၊ ကော့ဂိုး၊ ကော့ခိုက်၊ ကမ်းနီး၊ သရက်တော၊ ကျိုက်က္ကဗင် စသည့် မွန်ကျေးရွာအများအပြားရှိပြီး၊ ကျေးရွာတစ်ရွာလျှင် အိမ်ခြေအနည်းဆုံး ၂၀၀၀ ထက်မနည်းရှိကြောင်းလည်း သိရသည်။

အဆိုပါဒေသမှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် မွန်ပြည်သူ့စစ်အဖွဲ့မှ ဒေသတွင်း ဒုစရိုက်ကျူးလွန်သူများနှင့် နယ်ဝေးခရီးသွားလာသူများကို စစ်မှုထမ်းတပ်သားအဖြစ် အသုံးပြုလေ့ရှိကြောင်းလည်း ဆိုကြသည်။

ထို့ကြောင့် စစ်မှုထမ်းငွေကြေးများသည် စစ်ကော်မရှင် အုပ်ချုပ်ရေးအဖွဲ့များအတွက် ငွေဝင်ပေါက်တစ်ခုသာဖြစ်သည်ဟုလည်း ပြောသည်။

ကော့ခိုက်ဒေသခံတစ်ဦးက "မိဘတွေကလည်း ကိုယ့်သားသမီး စစ်မှုထမ်းမတက်ရရင် ပြီးရောဆိုပြီး ငွေပေးဖြေရှင်းချင်တဲ့သူတွေက များတယ်လေ။ အဲဒီအခြေအနေကို စစ်အုပ်စုက သတိထားမိတော့ စစ်မှုထမ်းကြေးဆိုပြီး ပိုကောက်လာတယ်။ အခုက အချိန်မရွေး လာတောင်းနေတဲ့ အခြေအနေဖြစ်နေတာ။ ” ဟု ၎င်းက ပြောသည်။

ဂျိုင်းမြစ်ဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားခဲ့စဉ်က စစ်မှုထမ်းသင်တန်းသား စုဆောင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။

သို့သာ်၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက ဂျိုင်းမြစ် ဒေသအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများကို စတင်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts