ကန်ချနပူရီခရိုင်၊ စံခလပူရီစစ်ဆေးရေးဂိတ်တာဝန်ရှိသူများနှင့် နယ်မြေခံရဲတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့ တစ်ရက်တာအတွင်း နည်းအမျိုးမျိုးဖြင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃ ဦးနှင့် လမ်းပြ ၁ ဦးအပြင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးတို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဇွန်လ ၂၇ ရက်၊ နံနက် ၁၁း၀၀ နာရီတွင် ရန်တီတံတား စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးရေးလုပ်ဆောင်နေစဉ် သုံးဘီးယာဉ်တစ်စီးဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသား ၂ ဦး၏ စာရွက်စာတမ်းများကို စစ်ဆေးစဉ် ဗီဇာသက်တမ်းကုန်ဆုံးနေသည်ကို စိစစ်တွေ့ရှိရသည်။
ထိုနေ့တွင်ပင် ရန်တီတံတားစစ်ဆေးရေးဂိတ်၌ တရုတ်လူမျိုးခရီးသည်တင်ယာဉ်တစ်စီးပေါ်ရှိ ပါမစ်သက်တမ်းကုန်ဆုံး တရားမဝင်နေထိုင်နေသည့် အသက် ၂၃ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးကိုလည်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် အဆိုပါတရုတ်နိုင်ငံသားများနှင့် သုံးဘီးယာဉ်မောင်း လမ်းပြ ၁ ဦးတို့ကို ဖမ်းဆီးပြီး တရားစွဲဆိုမှုလုပ်ဆောင်နိုင်ရန် စံခလပူရီရဲစခန်းသို့ ပို့ဆောင်ထားသည်။
အဆိုပါ ဇွန်လ ၂၇ ရက်နေ့ ညပိုင်းတွင်လည်း စံခလပူရီမြို့နယ်၊ လိမ္မော်ခြံအနောက်ဘက်၊ သဘာဝလမ်းတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများဝင်ရောက်နေသည်ကို ထိုင်းအာဏာပိုင်ဘက်မှ ကြိုတင်သတင်းရရှိချက်အရ ရှာဖွေဖမ်းဆီးမှု လုပ်ဆောင်ခဲ့သည်။
နမ်ပကိတ်စစ်ဆေးရေးဂိတ်အပါအဝင်၊ စံခလပူရီရဲစခန်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိများ ပူးပေါင်းပါဝင်သည့် အဆိုပါစစ်ဆင်ရေးမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်းများ မတင်ပြနိုင်သော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာလာသူဖြစ်သည်ဟု ဝန်ခံထားပြီး ၎င်းတို့အား လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် စံခလပူရီ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းထားကြောင်း သိရသည်။
စံခလပူရီတောလမ်းနှင့် စစ်ဆေးရေးဂိတ်များမှ တရားမဝင် နိုင်ငံခြားသားများ မကြာခဏ ဝင်ရောက်နေသဖြင့် ယမန်နေ့ ဇွန် ၂၉ ရက်နေ့မှစ၍ ဘုရားသုံးဆူ နယ်စပ်ရှိ နှစ်ဖက်နားလည်မှုအရ သွားလာနေသည့် ထွက်ပေါက်နေရာများကို လိုက်လံပိတ်ဆို့မှုလုပ်ဆောင်နေကြောင်း သိရသည်။
ကိုးကား-Kanchanaburi News



