ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ဒေသခံများကြား နာမည်ဆိုးဖြင့် ကျော်ကြားသည့် DKBA အရာရှိ ဦးအေးကျော် ဆိုသူ ဇွန်လ ၂၇ ရက် နံနက်ပိုင်းက သေနတ်ဖြင့် အကြိမ်များစွာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရကြောင်း သိရသည်။
ဆိုင်ကယ်ဖြင့် ခေါင်းစွပ်ထားသည့် အမည်မသိ အမျိုးသားနှစ်ဦးမှ ဇနီးနှင့်အတူ ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဦးအေးကျော်ကို ဘုရားသုံးဆူမြို့၊ ဥဒေါင်းကန်ပတ်လမ်းနေရာတွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့သည်။
သေနတ်ဖြင့် အကြိမ်များစွာ ပစ်ခတ်ခံရမှုကြောင့် နေရာတွင်ပင် သေဆုံးသွားခဲ့ရပြီး ဦးအေးကျော်နှင့်အတူလိုက်ပါလာသည့် ဒုတိယဇနီး ဖြစ်သူလည်း သေနတ်ကျည်ဆန်များ ထိမှန်ခဲ့ပြီး ခြေထောက်နှင့် လက်တွင် ဒဏ်ရာရရှိထားသည်။

“ သူတို့ကို သေနတ်နဲ့ အနီးကပ်ပစ်သွားတာ ၁၆ ကြိမ်လောက် ပစ်သွားတယ်။ သူ့နဲ့ပါလာတဲ့ သူ့ရဲ့မယားငယ်က ခြေထောက်နဲ့ လက်မှာ ထိသွားတယ်။ တွေ့တဲ့သူတွေပြောတာက လာပစ်တဲ့ ယောကျာ်လေးနှစ်ယောက်က လူငယ်ပိုင်းလိုပဲပြောတယ်” ဟု ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်တွင် ကရင်တပ်မတော် (DKBA) သို့ ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် အဖွဲ့၏ အရာရှိတစ်ဦးဖြစ်လာသည့် ဦးအေးကျော်သည် ဘုရားသုံးဆူတစ်ဝိုက် ခရီးသွားဧည့်သည်နှင့် ကုန်သည်များထံ ငွေအဆမတန် ကောက်ခံသူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။
ယခုဇွန်လတွင်ပင် ဥဒေါင်းကန်ပတ်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်ရှိ ဒေသခံလူငယ်အချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၎င်းတို့ကို ရိုက်နှက်ထိုးကြိတ်ကာ တောင်းပန်းခိုင်းသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။
“ အရာရှိတစ်ဦးဖြစ်လို့ ခရီးသွားဧည်သည်တွေ ကုန်သည်တွေကြားမှာ ငွေအဆမတန်ယူတာ ဒေသခံတွေကြားမှာဆို နာမည်ဆိုးနဲ့ လူသိများနေတာ လိုင်းပေါ်မှာလည်း ဟိုကတည်းက သူအကြောင်းထွက်နေတာ ဒေသခံတွေနဲ့လည်း ရန်ဖြစ်တယ်၊ သူတို့အတွင်းမှာလဲ မနှစ်က ပစ်ခတ်မှုတွေဖြစ်သေးတယ်” ဟု ၎င်းက ပြောသည်။
ကရင်နယ်ခြားစောင့်တပ်(BGF) ထံတွင်လည်း ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် စစ်တပ်အဖွဲ့နှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်သည်ဟုလည်း ဒေသခံများဆိုကြသည်။
ဘုရားသုံးဆူတွင် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ရေး ပြောက်ကျားတပ်ဖွဲ့ (YGF)မှ ဒုတပ်ရင်းမှူး ဗိုလ်ရန်ပိုင် (ခ) ရဲဘော်ကြီး ပစ်ခတ်ခံရမှုသည် ဦးအေးကျော်၏ မယားကြီးဖြစ်သူနှင့် ပါဝင်ပတ်သတ်မှုနေကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ပုံ-CJ



