မွန်ပြည်နယ်၊ မြို့ပေါ်နှင့် ကျေးလက်ဒေသများရှိ စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီရောင်းချနေမှုကို CCTV ကင်မရာများဖြင့် စောင့်ကြပ်ကြည့်ရှု့နေသည့်အပြင် ဆီတင်ယာဉ်ဘောက်ဆာကားများကိုလည်း အွန်လိုင်းစောင့်ကြည့်စနစ်ဖြင့်ပါ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်အားလုံးကို စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလကပင် Real Time Online Monitoring စနစ်နှင့် CCTV ကင်မရာများ တပ်ဆင်အသုံးပြုစေခဲ့သည်။
လက်ရှိတွင်လည်း ရန်ကုန်မြို့ (သီလဝါ)မှ ဆီသယ်ယာဉ် (ဘောက်ဆာ) များတွင် GPS များ တပ်ဆင်ထားရှိစေပြီး သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်သွားလာမှု ရှိ၊ မရှိ စစ်ဆေးဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။

ဆီလက်ကျန် စောင့်ကြည့်နိုင်သည့် Sensor များကို မဖြစ်မနေ တပ်ဆင်ပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနသို့ တိုက်ရိုက်စစ်ဆေးခွင့်ပေးရမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင် မွန်စက်သုံးဆီလုပ်ငန်းရှင်အဖွဲ့က ထပ်မံသတိပေးခဲ့ကြောင်း ရေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ ဆိုင်မှာ တပ်ထားတဲ့ CCTV ရဲ့ code နံပါတ်ကို သူတို့ဌာန(မော်လမြိုင်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဌာန)ကိုပေးသိထားရသည်။ ဒီဆိုင်ကQR Code စနစ်နဲ့ရောင်းချနေရဲ့လား၊ သူတို့ပိတ်ပင်ထားသည့် ဂါလံပုံးနဲ့ရောင်းချနေလား။ လိုင်စင်မဲ့ယာဉ်ကို ရောင်းချပေးနေတာလား ဆိုတဲ့အချက်ကို သူတို့သိနိုင်ဖို့ ဆိုင်ကို (၂၄) နာရီလုံး သူတို့စောင့်ကြည့်နေတယ်။” ဟု ဆိုသည်။
အဆိုပါစောင့်ကြည့်မှုသည် မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုကို မဖြေရှင်းနိုင်ဘဲ စစ်ကော်မရှင်လက်အောက် စစ်ဆေးရေးအဖွဲ့များအတွက် ဝင်ငွေလမ်းကြောင်းတစ်ခုသာ တိုးလာစေကြောင်း မုဒုံမှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ ကျနော်တို့က တစ်ခါတစ်လေ လာဝယ်တဲ့သူတွေကို ပုံးနဲ့ ရောင်းပေးရတာရှိတယ် ။ အဲ့တာကို CCTV မှတ်တမ်းကနေ မြင်ရင် သူတို့ဘက်က သတိပေးလာတယ်။ ပိုက်ဆံသွင်းလိုက်တယ်။ ငြိမ်သွားတယ်။ ဆိုတော့ ဒီ CCTV စနစ်က သူတို့အတွက် ငွေဝင်ပေါက်တစ်ခု ဖြစ်လာပြန်ပြီးပေါ့။” ဟု ဆိုသည်။
ထို့ကြောင့် ဥယျာဉ်ခြံနှင့် လယ်ယာလုပ်ငန်းမှ တောင်သူများ စက်သုံးဆီရရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဆက်ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင်ဘက်မှ စည်းကမ်းလိုက်နာခြင်းမရှိသည့်ဆိုင်များကို လုပ်ငန်းလုပ်ကိုင်ခွင့် ချက်ချင်းရပ်ဆိုင်း၍ လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူများကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုထားသည်။
ဇွန်လ (၁၉) ရက်နေ့တွင် စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသစ်အရ မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းသည် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် စက်သုံးဆီဈေးနှုန်းပိုများနေဆဲဖြစ်ကြောင်း သိရသည်။
စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓါတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ (၄၀၇၅) ကျပ်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် (၅၀) ကျပ် လျော့ကျခဲ့ကာ၊ မွန်ပြည်နယ်၏ ဓါတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာ (၄၁၂၀) ကျပ်ဖြစ်ပြီး၊ ယခင်ဈေးနှု်နးထက် (၉၀) ကျပ်လျော့ကျခဲ့သည်။



