Homeသတင်းတနင်္သာရီမြို့နယ်တွင် ထောင်ထားသည့် မြေမြှပ်မိုင်းနင်းမိမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံး

တနင်္သာရီမြို့နယ်တွင် ထောင်ထားသည့် မြေမြှပ်မိုင်းနင်းမိမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံး

-

တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအနီးရှိ ဥယျာဉ်ခြံတွင် ဒေသခံမိသားစုတစ်စု မြေမြှပ်မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ကမ္မလိုင်းရွာနှင့် တမုတ်ချုံးရွာကြား ပြည်ထောင်စုလမ်းမကြီးအနီးရှိ ဥယျာဉ်ခြံတွင် ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က  လက်တောင်ယာကျေးရွာမှ ဟင်းသီးဟင်းရွက်ရှာသူ  အသက် ၃၈ နှစ်အရွယ် အမျိုးသမီးမှ ထောင်ထားသည့် မြေမြှပ်မိုင်းကို နင်းမိခဲ့သည်။

ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နင်းမိသူအမျိုးသမီးသည် နေရာတွင်သေဆုံးခဲ့ရပြီး အနီးရှိ အသက် ၁၅ နှစ်ရွယ် သားဖြစ်သူနှင့် တူမဖြစ်သူတို့လည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ဟု တနင်္သာရီဒေသခံတစ်ဦးက ဆိုသည်။

“အသီးအရွက်တွေ ရှာရင်းနဲ့ ဖြစ်သွားတာ။ ပွဲချင်းပြီးပဲ သေသွားတယ်၊ သူ့တူမက သူနဲ့ မနီမဝေးဖြစ်နေလို့ အများကြီးထိတယ်။ လက်တဖက်ပြတ်သွားတယ်။ သူ့သားက ဝါးပင်နောက်မှာ ရှိနေလို့ နည်းနည်းပဲထိတယ်။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို တနင်္သာရီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။

ပြည်ထောင်စုလမ်းမကြီးနှင့် ဆိုင်ကယ်ခရီးဖြင့် မိနစ် ၂၀ ခန့် ကြာမြင့်သည့် အဆိုပါ မြေမြှုပ်မိုင်း ပေါက်ကွဲရာနေရာသည် စစ်ကော်မရှင်တပ်သားပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပါ လှုပ်ရှားသွားလာနေသည်။

ယခင်က အဆိုပါဒေသတစ်ဝိုက် မြေမြှပ်မိုင်းနင်းမိသည့် ဖြစ်စဉ်မျိုး လုံးဝမရှိခဲ့ဖူးသဖြင့် လက်ရှိတွင် ဒေသခံများ မိုင်းနင်းမိမည်ကို စိုးရိမ်ကြောက်လန့်နေကြပြီး ဥယျာဉ်ခြံအတွင်းသို့ သွားရောက်လုပ်ကိုင်ရန် စိုးရိမ်နေကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ အရင် မိုင်းနင်းမိတဲ့ အဖြစ်အပျက်တွေ မရှိဖူးဘူး အခုက ဘယ်လိုလဲမသိဘူး၊ တိုက်ပွဲတော့ အရင်ကဖြစ်ဖူးတယ် အဲ့‌ဘက်ကဆို စစ်တပ်လဲ သွားလာတယ် တော်လှန်ရေးအဖွဲ့တွေလဲ လှုပ်ရှားနေတာရှိတယ် အခုက ပထမဆုံးအကြိမ်ဖြစ်နေတော့ ဒေသခံတွေ ကြောက်နေကြတာပေါ့ ဘယ်သူမှ ခြံမသွားရဲနေကြဘူး” ဟု ‌၎င်းက ပြောသည်။

တနင်္သာရီတိုင်း‌တွင် ပြီးခဲ့သည့် မေလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု FE5 Tanintharyi ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်း၏ ယခုနှစ် မိုးရာသီကာလတွင် ယခင်နှစ်များထက် တိုက်ပွဲများ၊ လေ ကြောင်းတိုက်ခိုက်မှု ပိုများပြီး ဒေသခံများ မိုးထဲရေထဲ စစ်ပြေးနေကြရသလို စားနပ်ရိက္ခာလိုအပ်မှု၊ ဆေးဝါးလိုအပ်မှုများကြောင့် ကျန်းမာရေးပြဿနာများပါ ရင်ဆိုင်နေကြရသည်ဟုလည်း FE5 မှ ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts