မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်/ဆောင်းဘောက် ဖွင့်လှစ်အသုံးပြုလိုသူများ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ အနည်းဆုံး သုံးရက်ကြိုတင် ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူများက အသိပေးနှိုးဆော်ထားသည်။
နှိုးဆော်ချက်များအရ ဖွင့်လှစ်လိုသူ၊ အဖွဲ့အစည်းများနှင့် ဖွင့်လှစ်ရသည့် အကြောင်းအရင်း၊ ရက်စွဲနှင့် အသုံးပြုမည့်အချိန်တို့ကို ဖော်ပြ၍ အနည်းဆုံး သုံးရက်ကြိုတင် လျှောက်ထားရမည်ဖြစ်သည်။
လျှောက်ထားချက်ကို သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စိစစ်ပြီးနောက် ပုံမှန်အားဖြင့် နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“အသံချဲ့စက်ဖွင့်လှစ်လိုသူက အကျိုးအကြောင်းနဲ့ ဖွင့်လှစ်လိုတဲ့ ရက်နဲ့ အချိန်ကို ဖော်ပြပြီး အနည်းဆုံး သုံးရက်ကြိုတင် လျှောက်ထားရတယ်။ လျှောက်ထားချက်ကို စိစစ်ပြီးတဲ့နောက် အများစုကတော့ နံနက် ၆ နာရီကနေ ည ၉ နာရီအထိပဲ ဖွင့်လှစ်ခွင့်ပြုတယ်” ဟု အသံချဲ့စက်/ဆောင်းဘောက် ငှားရမ်းသူတစ်ဦးက ပြောသည်။
ထို့ပြင် အများပြည်သူ၏ နေထိုင်မှုရာနေရာကို အနှောင့်အယှက်မဖြစ်စေရန် ခွင့်ပြုထားသည့် အသံအတိုးအကျယ်နှင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်းသာ အသုံးပြုရမည်ဖြစ်ပြီး ခွင့်ပြုထားသည့် ရည်ရွယ်ချက်မှလွဲ၍ အခြားကိစ္စရပ်များအတွက် အသုံးပြုခွင့်မရှိကြောင်းလည်း အသိပေးထားသည်။
ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေ အပိုဒ် ၁၄(ဂ)(၁) အရ အဆိုပါလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်လှစ်သူများကို ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ (၂၇) အရ ကျပ် ၁ သောင်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင်သည်။
ငွေဒဏ်မပေးဆောင်ပါက ထောင်ဒဏ် ၇ ရက်ထက်မပိုသော ပြစ်ဒဏ်ကို တရားရုံးမှ ချမှတ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခုတော့ သူတို့သွားပြောတာမျိုးတွေ တွေ့ရတယ်။ ဆောင်းဘောက်အကျယ်ဖွင့်ထားတဲ့ အိမ်တွေကို အသံတိုးတိုးဖွင့်ဖို့၊ ည ၉ နာရီမကျော်ဖို့ သတိပေးတာမျိုးတွေ တွေ့ရတယ်။ အရေးယူတာတော့ မတွေ့ရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်အသုံးပြုမှုကို စနစ်တကျ ကြီးကြပ်ထိန်းချုပ်နိုင်ရန်နှင့် အများပြည်သူ၏ နေထိုင်မှုကို အနှောင့်အယှက်မဖြစ်စေရန် ရည်ရွယ်၍ သတ်မှတ်ထားသည်။
ခွင့်ပြုထားသည့် ကိစ္စရပ်မှလွဲ၍ အခြားရည်ရွယ်ချက်များအတွက် အသုံးမပြုရဘဲ တာဝန်ရှိသူက လိုအပ်သည်ဟု ယူဆပါက ခွင့်ပြုချက်ကို ရပ်စဲနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသံချဲ့စက်/ဆောင်းဘောက်များကို အရေးယူနိုင်ရန် ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေး(ပထမနေ့)တွင် အဆိုတင်သွင်းခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ ဒုတိယအကြိမ်အစည်းအဝေး(ဒုတိယနေ့)တွင် အတည်ပြုခဲ့သည်။
မွန်ပြည်နယ် အလှူမင်္ဂလာပွဲများတွင် အတွဲလိုက်ဆောင်းဘောင်ဆူညံသံများကြောင့် အနီးဝန်းကျင်နေထိုင်သူများ ကျန်းမာရေးပြဿနာအမျိုးမျိုးအပြင် စိတ်အနှောင့်အယှက်ဖြစ်နေစေသည့် အတွဲလိုက်ဆောင်းဘောက်ကိစ္စကို လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။



