ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းရှိ စစ်ကော်မရှင်၏ အနန်းကွင်းဗျုဟာကုန်းစခန်းမှ အနီးတစ်ဝိုက်ကျေးရွာဘက်သို့ ဇွန်လ ၂၁ နှင့် ၂၂ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာနေကြောင်း ဒေသခံများမှ သိရသည်။
အနန်းကွင်းဗျုဟာ ကုန်းစခန်းမှ ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု အနန်းကွင်းဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
လက်နက်ကြီးများ လူနေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နှစ်ရက်တာပစ်ခတ်တိုက်ခိုက်မှုအတွင်း ပုတောကျေးရွာမှ မြေးအဘွား ၃ ဦးအပြင် ဝင်းခနကျေးရွာမှ ညီအစ်မ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်ပြောသည်။

“ဟိုနေ့ကလည်း ဝင်းခနရွာဘက်ကို စပစ်တယ်။ မနေ့ညနေကလည်း ပုတောရွာဘက်နဲ့ ပန်းအောင်ရွာဘက်ကို ထပ်ပစ်တယ်။ ပုတောမှာ ကျတဲ့တစ်လုံးက လူနေတဲအိမ်ပေါ်မှာ ကျသွားတယ်။ အနန်းကွင်းရွာသားပဲ၊ အဲမှာ နေနေကြတာ။ ပန်းအောင်မှာတော့ လူမထိဘူး” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
အနန်းကွင်းဗျူဟာကုန်းစခန်းအနီးရှိ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် တောင်စွန်းစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးရန် ကြိုးပမ်းနေပြီး လက်နက်ကြီးများဖြင့် ခြောက်လန့်ပစ်ခတ်နေရခြင်းဖြစ်သည်ဟု မြန်မာပြည်တောင်ပိုင်း စစ်ရေးလေ့လာသူအချို့ သုံးသပ်သည်။
တောင်စွန်းစခန်း ပြန်လည်ရယူရန် ပြင်ဆင်နေသလို လက်ရှိတွင် အနန်းကွင်း၊ လွတ်ရှမ်းနှင့် တညင်လမ်းပိုင်းကို စစ်အုပ်စုမှ အင်အားဖြည့်တင်းထားခြင်းများ လုပ်ဆောင်နေသည်။
၎င်းအပြင် ကုန်သွယ်ရေးအချက်အချာကျသည့် ဘုရားသုံးဆူမြို့ကို ပြန်လည်ရယူရန် စစ်တပ်မှ DKBA အဖွဲ့ထံ တောင်းယူနေသည့် သတင်းများလည်း ထွက်ပေါ်နေသဖြင့် စစ်ရေးအရ စတင်လှုပ်ရှားနေသည်ဟုလည်း သုံးသပ်လျှက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က အနန်းကွင်းဗျုဟာကုန်းစခန်းကို သိမ်းပိုက်ရရှိစေရေး တော်လှန်ရေးပူးပေါင်း တပ်တို့က တိုက်ပွဲဖော်ဆောင်သည့်နောက် နှစ်ဖက်ပြင်းထန်တိုက်ပွဲအပြင် စစ်ကော်မရှင်ဘက်က လက်နက်ကြီး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သည်။
ထိုကြောင့် အနန်းကွင်းဗျုဟာကုန်းစခန်း အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ရဲတံခွန်၊ ဇီးနှစ်ပင်၊ လွတ်ရှမ်း၊ အနန်းကွင်း၊ တညင်၊ ဖာယာ စသည့် ဒေသခံရာချီတို့က ယနေ့ချိန်အထိ ဘေးလွတ်ရာသို့ တိမ်းရှောင်ခိုလှုံနေကြ ရသည်။




