Homeသတင်းတိုင်းရင်းသားစာပေ တိုးမြှင့်သင်ကြားခွင့်နှင့် မြေပြင်စိန်ခေါ်မှုများ

တိုင်းရင်းသားစာပေ တိုးမြှင့်သင်ကြားခွင့်နှင့် မြေပြင်စိန်ခေါ်မှုများ

-

သတင်းဆောင်းပါး – ဂညန်း။

မွန်ပြည်နယ်၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ Grade – 4၊ Grade – 5 အထိတိုးမြှင့်သင်ကြားခွင့်ပြုကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက စစ်အုပ်စု၏ မွန်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ပြီးနောက် မွန်စာပေအရေးလှုပ်ရှားသူများကြား ဝမ်းမြောက်ဝေဖန်မှုများနှင့်အတူ စိုးရိမ်မှုများထွက်ပေါ်လာသည်။

တိုင်းရင်းသားစာပေသင်ကြားနေသည့် မြေပြင်အခြေအနေသည် ဆရာ၊ ဆရာမ အင်အားလုံးလောက်မှုမရှိဘဲ မွန်စာပေအရေးလှုပ်ရှားသူနှင့် ဒေသခံများ ကိုယ်ထူကိုယ်ထ ကြိုးပမ်းအားထုတ်မှုဖြင့် ဆက်လက်ရုန်းကန်နေရခြင်းဖြစ်သည်။

မြေပြင်တွင် ဆရာ၊ ဆရာမအင်အား မလုံလောက်မှုနှင့် ကန့်သတ်ချက်များကြောင့် အတန်းစဉ် တိုးမြှင့်သင်ကြားမည့်ကိစ္စသည် ရေရှည်တွင် အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် မေးခွန်းထုတ်စရာများ ရှိလာနေသည်။

မည်သည့်ပညာသင်နှစ်တွင် အကောင်ထည်ဖော်မည် မသိရှိရသေးသော်လည်း  စိန်ခေါ်မှုများနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။

 “ မိခင်ဘာသာစကားတိုင်းကို အတန်းပညာတွေမှာ သင်ခွင့်ပေးထားတယ်ဆိုတဲ့ ပရိယာယ်ပဲလေ။ အဆိုအောင်တယ်ထားပါတော့ ၇ ယောက်ရှိရမယ့်ကျောင်းမှ ဆရာမ ၂ ယောက်နဲ့ run နေရတယ် သင်ရိုးညွှန်းတမ်းကို လက်ခံတယ် မြေပြင်မှာတော့ ရေရှည်ဖြစ်နိုင်ဖို့နည်းတယ်။"ဟု ပြောသည်။


တိုင်းရင်းသားစာပေသင်ကြားမှု မြေပြင်အခြေအနေ

မွန်ပြည်နယ်တွင်၊ တိုင်းရင်းသားစာပေကို ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးစသည့် မြို့နယ် ၆ မြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင် သင်ကြားလျက်ရှိသည်။

ပြည်နယ်ပညာရေးဌာန၏ မတ်လ လချုပ်စာရင်းများအရ မွန်ပြည်နယ်တွင် မွန်၊ အရှေ့ပိုးကရင်၊ စကောကရင်၊ မြေပြန့်ကရင် စသည့်တိုင်းရင်းသားစာပေများကို သင်ကြားနေသည့် ကျောင်းပေါင်း ၆၁၀ ကျောင်းရှိသည်။

အဆိုပါ ကျောင်းပေါင်း ၆၁၀ တွင် တိုင်းရင်းသားစာပေသင် TA ဆရာမ ၃၈၅ ဦး LT ၆၉ ဦး စုစုပေါင်း ၄၅၄ ဦးသာ ရှိနေသည်။

မြေပြင်တွင် ကျောင်းတစ်ကျောင်း၌ တိုင်းရင်းသားစာပေသင် ဆရာမ တစ်ဦးနှုန်းသာ ရှိနေပြီး၊ အချို့ကျောင်းများတွင်မူ TA၊ LT လုံးဝမရှိတော့သဖြင့် သင်ကြားမှုလုပ်ငန်းများကို လုံးဝရပ်နားထားရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

ကျိုက်မရောမြို့နယ်မှ ကျောင်းဆရာတစ်ဦးက “ ခုက ၆ ခန်းကို သုံးယောက်နဲ့ လှည့်သင်နေရတယ်၊ အသစ်က ရမရတော့မသိသေးဘူး TA က တစ်ကျောင်းဆို တစ်ယောက်ပဲရှိမယ်၊ လုပ်အားပေး တစ်ယောက်ဌားထား ရတာမျိုးပေါ့။ တိုင်းရင်းသားသင်ဆရာမ မပြောနဲ့ အစိုးရကျောင်းမှာ သင်တဲ့ ဆရာကိုလည်းလိုက်ခေါ် နေရတုန်းပါ"ဟု ဆိုသည်။

နိုင်ငံရေးအခြေအနေများကြား ယခင်နှစ်က တိုင်းရင်းသားစာပေသင်ကြားခြင်းတို့အပေါ် ကြီးကြပ်မှု အားနည်းခြင်းကြောင့် ဖတ်စာအုပ်နှင့် ထောက်ပံ့ငွေ မရောက်ရှိသည့်အခြေအနေများနှင့်  ကြုံတွေ့နေရသည်။

လွှတ်တော်အဆိုအောင်မြင်မှုနှင့် စစ်ကော်မရှင်အစိုးရအဖွဲ့ တုံ့ပြန်ချက်

ဆရာ၊ ဆရာမအင်အား မလုံလောက်မှုနှင့် ပတ်သတ်၍ လုပ်ခလစာ တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်ကပြောကြားသည်။

Grade – 4 ၊ Grade – 5 တိုင်းရင်းသားစာပေ အတန်းများအတွက် ပုံနှိပ်စာအုပ်နှင့် သင်ကြားပေးမည့်ဆရာ၊ ဆရာမမများ ပြန်လည်ဖြည့်စွက်သွားမည်ဖြစ်ပြီး ဖတ်စာအုပ်အတွက် Unicef ရန်ပုံငွေများကို  တိုင်းရင်းသားစာပေယဉ်ကျေးမှုဦးစီးဌာနတွင် ရှိထားပြီးသားဖြစ်သည်ဟု ဆိုသည်။

“TA/ LT ဆရာမများအား နှစ်စဉ်ခန့်အပ်နိုင်ရေးအတွက် ကျောင်းဖွင့်ရာသီအမီ ခန့်အပ်နိုင်ရန်နဲ့ လိုအပ်တဲ့ အခြေခံပညာကျောင်းများတွင် အမြန်ဆုံးခန့်အပ်နိုင်ရေး ဆောင်ရွက်ရန် တိုင်းရင်းသားလူမျိုးရေးရာဌာန၏ လမ်းညွှန်ချက်နဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ပြောသည်။

တိုးမြှင့်သင်ကြားနိုင်ရေး အကြံပြုချက်များ

မွန်စာပေကို အတန်းစဉ်တိုးမြှင့် သင်ကြားနိုင်ရေးအတွက် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ပူးပေါင်းပါဝင်ရန်လိုအပ်သလို ဆရာ၊ ဆရာမ များအတွက် ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သည့် လစာအပြင် အပိုခံစားခွင့်များ ရရှိရေးကိုလည်း ဒေသခံများ ဝိုင်းဝန်းကြိုးပမ်းသင့်ကြောင်း စာပေအရေး လှုပ်ရှားသူများက တိုက်တွန်းသည်။

ထို့ပြင် ဆရာ၊ ဆရာမများ၏ အခွင့်အရေး ခွဲခြားခံရမှုမရှိစေရေးနှင့် စာသင်ချိန်လစ်ဟာမှုနှင့် ခွဲခြားဆက်ဆံခံရမှု ရှိ၊ မရှိ စောင့်ကြည့်ရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ‘ကျောင်းစိစစ်ရေးကော်မတီ’ တစ်ရပ် ဖွဲ့စည်းပေးရန် လိုအပ်သည်။

အစိုးရစစ်စာမေးပွဲကိုသာ ပိုမိုဦးစားနေသည့်အခြေအနေဖြစ်သဖြင့် လာမည့် G-4,G-5 အတန်းစဉ်များကို  ပညာရေးဝန်ကြီးဌာန၏ စာမေးပွဲများထည့်သွင်းစဉ်းစားသင့်ကြောင်းလည်း ဆိုသည်။

မွန်စာပေအရေးလှုပ်ရှာသူတစ်ဦးက "အခုဆိုရင် Grade 5 က အစိုးရစစ်ဖြေရမယ်။ အဲဒါမှ ရှုံးလည်း အရေးမလုပ်ဘူးဆိုတာတွေ လျော့သွားမှာ။ အရင်အတိုင်း သင်နေကျဟာကို အကုန်ပြောင်းလဲ ရမယ်ပေါ့နော်"ဟု ပြောသည်။

မွန်စာပေ တိုးမြှင့်သင်ကြားခွင့်ရလာသည့်အပေါ် ဝမ်းမြောက်မိသော်လည်း တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအနေဖြင့် နိုင်ငံရေးအမြတ်ထုတ်သည့် ပြကွက်များထက် အောက်ခြေမြေပြင်ရှိ လိုအပ်ချက်နှင့် ပြဿနာများကိုသာ ဦးစားပေးပြင်ဆင် လုပ်ဆောင်သင့်သည်ဟု ဆိုသည်

စိန်ခေါ်မှုများကြားက ရရှိလာသည့် အောင်မြင်မှုအချို့

စိန်ခေါ်မှုမျိုးစုံဖြင့် လည်ပတ်နေသည့် တိုင်းရင်းသားစာပေသင်ကြားရေးအစီအစဉ်တွင် အသီးအပွင့်များနှင့် အောင်မြင်မှုအချို့လည်း ရှိလာနေသည်။

ကျောင်းသင်ခန်းစာများတွင် မွန်ဖတ်စာအုပ်များကို ထည့်သွင်းသင်ကြားပေးနိုင်ခဲ့ခြင်းကြောင့် ကလေးငယ်များအနေဖြင့် အခြေခံအဆင့် တတ်မြောက်လာကြသည့်အပြင်၊ မိခင်ဘာသာစကားကိုလည်း ပိုမိုပြောဆို အသုံးပြုလာကြကြောင်း သိရသည်။

ယခင်က အိမ်တွင်း၌ မွန်စကားပြောဆိုနိုင်ခြင်းမရှိသည့် မြို့ပေါ်နေ ကလေးငယ်များနှင့် ဗမာကလေးငယ်အချို့ပင် မွန်စာအက္ခရာစဉ်နှင့် ကဗျာများကို နှုတ်ဖျား၌ ကျွမ်းကျင်စွာ ရွတ်ဆိုနိုင်လာကြသည်။

အခြေခံပညာကျောင်းများ၌ မွန်စာပေကို ထည့်သွင်းသင်ကြားပေးနေခြင်းသည် ကလေးငယ်များအတွက် နွေရာသီမွန်စာပေသင်တန်းကျောင်းများသို့ တက်ရောက်ရန် တွန်းအားတစ်ခု ဖြစ်စေကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“အတန်းပညာသင်ဖို့ ကျောင်းထားတာများတယ်။ သူတို့ဆိုလည်း ဖတ်တတ်၊ နားလည်တာမျိုးရှိတယ်။ အချို့ကလေးဆို မိဘက နွေရာသီကျောင်းမှာ မွန်စာမထားဘူး။ အဲဒါကို သူတို့က ဖတ်တတ်၊ နားလည်လာတော့ နွေရာသီကျောင်းမှာ မွန်စာဖြေချင်၊ သင်ချင်စိတ် ရှိလာတယ်။ ကလေးတော်တော်များများလည်း မွန်စာဖတ်တတ်သွားကြတယ်။ ” ဟု မိန့်သည်။

တိုင်းရင်းသားအကျိုး လိုလားသူလူပုဂ္ဂိုလ်များ၊ သံဃာတော်များနှင့် အဖွဲ့အစည်းအသီးသီးက မွန်စာပေသင်ကြားခွင့်ရရှိရေးအတွက် ခက်ခဲစွာ တိုက်ပွဲဝင်ခဲ့ရပြီးနောက် ရရှိလာသည့် အခွင့်အရေးကို လက်မလွှတ်သင့်ဘဲ မိမိတို့စာပေ ရေရှည်တည်တံ့စေရန်  ဝိုင်းဝန်းထိန်းသိမ်းကြရန်လည်း စာပေအရေးလှုပ်ရှားသူများက တိုက်တွန်းလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts