Homeသတင်းရာမညပြည်သူ့ကာကွယ်ရေးတပ်တော် RDF နယ်မြေအတွင်း ဝင်ရောက်လာသည့် ဗိုလ်ဘိဦးဆောင် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ

ရာမညပြည်သူ့ကာကွယ်ရေးတပ်တော် RDF နယ်မြေအတွင်း ဝင်ရောက်လာသည့် ဗိုလ်ဘိဦးဆောင် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ

-

ထိုင်း-မြန်မာနယ်စပ်၊ မြိတ်ခရိုင်၊ ရာမညပြည်သူ့ကာကွယ်ရေးတပ်တော် RDF ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်အပါအဝင် ၉ ဦး သေဆုံးခဲ့ ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရာမညပြည်သူ့ကာကွယ်ရေးတပ်တော်ထံမှ သိရသည်။

ဗိုလ်ဘိဦးဆောင်သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ တနင်္သာရီပြည်သူ့စစ်အဖွဲ့နှင့် စစ်ကော်မရှင်အဖွဲ့ပါဝင်သည့် စစ်ကြောင်း ၃ ကြောင်းကို ပြီးခဲ့သည့် ဇွန် ၁၃ ရက်နေ့၊ မွန်လွှဲပိုင်း ၁၂ နာရီအချိန်ခန့်က ရာမညပြည်သူ့ကာကွယ်ရေးတပ်တော် RDF ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခဲ့သည်။

စစ်ကြောင်း ၃ ကြောင်းသည် အင်အား ၇၀ ကျော်ရှိပြီး အိုင်းမွန်သာယာကျေးရွာမှ တရနာပုံတပ်ရင်းသို့ တပ်အပြောင်းအလဲလုပ်ရန် စစ်ကြောင်းထိုးလာစဉ် ရာမညပြည်သူ့ကာကွယ်ရေးတပ်တော် RDF မှ သတင်းရရှိချက်အရ အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူ နိုင်ဂြင်ပိက IMNA သို့ ပြောသည်။

“ ဗိုလ်ဘိအဖွဲ့က အင်အား ၄၀ လောက်နဲ့ ရှေ့ကနေလာတယ်။ နောက်မှာတော့ ပြည်သူ့စစ်အဖွဲ့တွေ၊ စစ်ကော်မရှင်အဖွဲ့ရော လိုက်လာတယ်။ ကျနော်တို့က ၁၀ ပေအကွာလောက်မှာ အသင့်စောင့်နေတယ်။ အနီးကပ်ချိန်းပြီး ပစ်ရတော့ ၉ ယောက်လောက်က သေတယ်။ ဒဏ်ရာရတာ အယောက် ၂၀ ကျော်ရှိတယ်။ ” ဟု သူက ဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် ၄ နာရီကြာမြင့်ခဲ့ပြီး ရာမညပြည်သူ့ကာကွယ်ရေးတပ်တော်ဘက်မှ  ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရမှု ရှိသော်လည်း ဘေးလွတ်ရာသို့ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အထိအခိုက်များသည့် စစ်ကော်မရှင်အဖွဲ့မှ ရာမညပြည်သူ့ကာကွယ်ရေးတပ်တော် ဆုတ်ခွာရာလမ်းကြောင်းကို ဝင်ရောက်ရေး ကြိုးပမ်းစဉ် မြေမြုပ်နင်းမိပေါက်ကွဲမှုများကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု  ဆက်ပြောသည်။

“ ကျနော်တို့ဆုတ်ခွာတဲ့လမ်းကို လိုက်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူတို့လိုက်လာချိန် မြေမြှုပ်မိုင်းတွေ နင်းမိပေါက်ကွဲနေတာကြောင့် နောက်ပြန်ဆုတ်လိုက်ကြတယ်။ ပစ်တုန်းကတော့ ဘယ်အဖွဲ့ပစ်လဲ ဆိုတော့ သူတို့မသိဘူး။ ဒီနေ့မှ ရာမညပြည်သူ့ကာကွယ်ရေးတပ်တော်မှန်းကို သိကြတယ်” ဟု နိုင်ဂြင်ပိက ပြောသည်။

စစ်ကော်မရှင်ဘက်မှ ထိခိုက်ဒဏ်ရသူများကို ထိုင်းဘက်ကမ်းဆေးရုံများတွင် ဆေးကုသမှုခံယူနေကြပြီး တိုက်ပွဲမှ ကြောက်လန့်ထွက်ပြေးသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၂၀ ဦးကို တရနာပုံတပ်ရင်း အချုပ်ထောင်တွင် ထိန်းချုပ်ထားကြောင်းလည်း သိရသည်။

ရာမညပြည်သူ့ကာကွယ်ရေးတပ်တော် RDF သည် စစ်အာဏာရှင်စနစ် အဆုံးသတ်စေရေး၊ မွန်လူမျိုးများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှု ရရှိစေရေး စသည့် ဦးတည်ချက် ၅ ချက်ဖြင့်  စစ်အာဏာသိမ်းပြီး၂၀၂၂ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့သည်။

ပုံ-RDF

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts