မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ၊ ထားဝယ်ခရိုင်ဒေသတွင် အန္တရာယ်ပိုများသည့် Plasmodium falciparum (P.F) ငှက်ဖျားပိုးကူးစက်မှုခံရသူများသဖြင့် စိုးရိမ်ရကြောင်း မွန်ပြည်သစ်ပါတီ ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ၂၀၂၆ ခုနှစ် မတ်လမှ မေလအထိ Plasmodium falciparum (Pf) ငှက်ဖျားပိုးတွေ့ရှိသူ အများအပြားရှိခဲ့ပြီး ဇွန်လအတွင်းတွင်လည်း ပိုးတွေ့လူနာများ ဆက်လက်များပြားနေဆဲဖြစ်ကြောင်း ဆိုသည်။

“ပထမသုံးလပတ်ထဲမှာ Pf တွေ အများကြီးတွေ့ရတယ်။ ဧပြီနဲ့ မေလမှာလည်း ပိုးတွေ့လူနာတွေ ဆက်များနေဆဲပါပဲ။ ဇွန်လဒေတာက မတက်လာသေးပေမယ့် မြေပြင်က တာဝန်ရှိသူတွေ တင်ပြတာအရ လူနာတွေ ဆက်များနေတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရေးချောင်းဖျားဒေသတွင် ရောဂါအခံရှိသူ လူငယ်နှစ်ဦး ငှက်ဖျားရောဂါပိုးကူးစက်ခံရာမှ အသက်သေဆုံးမှု ရှိခဲ့သည်ဟုလည်း ဒေသတွင်း သတင်းအရင်းမြစ်များမှ သိရသည်။
ငှက်ဖျားဖြစ်ပွားမှုနည်းပါးခဲ့သည့် ဘုရားသုံးဆူမြို့နှင့် အနီးဝန်းကျင်ရှိ ကျော့ပလု၊ ဂျပန်ရေတွင်းနှင့် ကြံတောကျေးရွာများတွင်လည်း လက်ရှိ ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ သွေးလွန်တုပ်ကွေးရောဂါထက် ပိုမိုများပြားလာကြောင်း ဆိုသည်။
ဒေသခံအမျိုးသားတစ်ဦးက “မနှစ်ကတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေ များတယ်။ ဒီနှစ်မှာတော့ ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရတဲ့သူတွေ အများကြီးတွေ့ရတယ်။ ဆေးရုံတွေလည်း ပြည့်နေတယ်။ ဒီရောဂါက ဖြစ်ပြီးရင် လွယ်လွယ်နဲ့ မပျောက်ဘူး၊ ဆေးကို ပုံမှန်သောက်ရတယ်” ဟု ပြောသည်။
လူနာဦးရေ မြင့်တက်လာမှုနှင့်အတူ ငှက်ဖျားကုသရေးဆေးဝါးများနှင့် ရောဂါစစ်ဆေးရေးပစ္စည်းများ လုံလောက်စွာ မရရှိနိုင်သဖြင့် ကုသရေးလုပ်ငန်းများတွင် အခက်အခဲများ ရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
၎င်းအပြင် NGO နှင့် INGO အဖွဲ့အစည်းများ၏ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများ လျော့နည်းလာခြင်းကြောင့် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်း အခက်အခဲများ ကြုံတွေ့နေရသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC) မှ ဆေးရုံ ၃ ရုံနှင့် ဆေးခန်း ၁၇ ခု ဖွင့်လှစ်ထားပြီး ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများအတွက် ကာကွယ်ရေး၊ စောင့်ကြည့်ကုသရေးနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငှက်ဖျားဖြစ်ပွားသူ တိုးလာနေသော်လည်း ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပေးခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်းလုပ်ဆောင်ခြင်း မရှိသေးဟုလည်း ဒေသခံများက ပြောသည်။



