Homeသတင်းတိုင်ကြားစာလေ့လာစိစစ်ရေးကော်မတီမှ ပြည်သူ့အသံ အမှန်တကယ်ကြားနိုင်မည်လား

တိုင်ကြားစာလေ့လာစိစစ်ရေးကော်မတီမှ ပြည်သူ့အသံ အမှန်တကယ်ကြားနိုင်မည်လား

-

စစ်အုပ်စု၏ မွန်ပြည်နယ်လွှတ်တော်အဖွဲ့မှ တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်သော်လည်း အုပ်ချုပ်ရေးယန္တရားအကြပ်အတည်းများကြောင့် ပြည်သူများ၏ အသံအစစ်အမှန်ကို ကြားနာပေးနိုင်မည်လားဆိုသည်ကို  ဒေသခံနှင့် လွှတ်တော်အရေးကျွမ်းကျင်သူများက ဝေဖန်နေကြသည်။

မွန်ပြည်နယ်လွတ်တော်မှ ပြီးခဲ့သည့် ဇွန်လ-၁၁ ရက်နေ့တွင်တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီကို ဥက္ကဋ္ဌအဖြစ် မွန်ညီညွတ်ရေးပါတီမှ နိုင်စံတင်မှ တာဝန်ယူဦးဆောင်ထားပြီး၊ အတွင်းရေးမှူးအဖြစ် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ ဦးသန့်ဇော်က တာဝန်ယူဆောင်ရွက်မည်ဟု စစ်ကော်မရှင်လက်အောက် မွန်ပြည်နယ်လွတ်တော်မှ ထုတ်ပြန်ထားသည်။

“ပြည်သူ့အသံ၊ လွှတ်တော်အသံ” ဆောင်ပုဒ်ဖြင့် တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီကို ဖွဲ့စည်းထားသော်လည်း လွှတ်တော်ဘက်မှ ပြောင်းလဲဆောင်ရွက်လိုသည့် နိုင်ငံရေးဆန္ဒ မရှိပါက ပြည်သူများ၏ တင်ပြတိုင်ကြားချက်များသည် ထိရောက်သော အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်မည် မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက သုံးသပ်ပြောဆိုသည်။

မွန်လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးက “ ပြည်သူတွေရဲ့အသံကို ဖော်ပြပေးနေပေမဲ့လည်း အစိုးရဘက်က လွတ်တော်အပေါ် ဘယ်လောက်အထိ တာဝန်ခံမှုရှိမလဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်။ အကယ်လို့ အစိုးရ ပြောင်းလဲပေးချင်တဲ့စိတ်ရှိရင် ပြည်သူတွေတင်ပြတဲ့အသံက အကျိုးရှိမှာပေါ့။ အဲလိုမှမဟုတ်ရင် ဒုံးရင်းက ဒုံးရင်းပါပဲ၊ ကျနော်တို့လည်း စောင့်ကြည့်နေတာပဲ။ သူတို့ပြောတဲ့ ဒီရက်(၁၀၀)အတွင်းမှာ ပြောင်းလဲချက်ဆိုတာ ကျနော်တို့ ဘာမှမတွေ့ရသေးဘူး။” ဟု ဆိုသည်။

လက်ရှိ ရင်ဆိုင်နေရသည့် လောင်းကစားဝိုင်းများ ကျယ်ပြန့်လာမှုကြောင့် ဖြစ်ပေါ်နေသော နေ့စဉ်ဘဝ လုံခြုံရေးစိုးရိမ်မှုများအပေါ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၏ နှုတ်ဆိတ်နေမှုသည် ပြည်သူများအကြား မေးခွန်းထုတ်စရာ ဖြစ်နေဆဲဖြစ်ကြောင်း အထက်ပါ လွတ်တော်အမတ်ဟောင်းက ဆက်လက်ပြောထားသည်။

တိုင်ကြားစာလေ့လာစိစစ်သုံးသပ်ရေးကော်မတီတွင် ပါဝင်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ပြောပြချက်အရ အစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်ချက်ကြောင့် ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်မှုအပိုင်းတွင် ကန့်သတ်ချက်များနှင့် အတားအဆီးအချို့ ရှိနိုင်ကြောင်း ပြောသည်။

၎င်းက “ဘယ်ကိစ္စ ဘယ်ပြသနာမဆို ပြည်သူတွေဘက်လာတင်ပြလို့ရပါတယ်။ ဒါပေမဲ့အခုအခြေနေက အားလုံးသိကြတဲ့အတိုင်းပါပဲ၊ တစ်ဖက်သတ်စကားကိုတော့ ယုံလို့မရပါဘူး။ ဖြစ်သင့်၊ မဖြစ်သင့်ဆိုတာကို ကျတော်တို့ဘက်က အရင်စိစစ်ဖို့လိုတယ်။ အချို့အရာတွေက ကျတော်တို့ဘက်က လုပ်ပေးလို့မရဘူးဆိုတာလည်း ရှိကောင်းရှိနိုင်ပါတယ်။” ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ရှိ မွန်ပြည်နယ်လွှတ်တော်က အသစ်ဖွဲ့စည်းလိုက်သည့် ကော်မတီများအနေဖြင့် လွှတ်တော်၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်ပြီး ပြည်သူများ၏ အသံနှင့် လိုအပ်ချက်များကို ထိရောက်စွာ စိစစ်တင်ပြပေးနိုင်သည့် ကော်မတီများဖြစ်လာရန် မျှော်လင့်သူအချို့လည်း ရှိနေသည်။

သို့သော် လက်ရှိ စစ်ကောင်စီအစိုးရ၏ အုပ်ချုပ်ရေးနှင့် မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် ယုံကြည်မှု အားနည်းနေခြင်းကြောင့် အဆိုပါ ကော်မတီများ၏ လုပ်ဆောင်နိုင်စွမ်းနှင့် ထိရောက်မှုအပေါ် သံသယရှိနေသူများလည်းရှိကြောင်း ဒေသခံအချို့က ဆိုသည်။

တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီကို ယခင် အရပ်သားအစိုးရလက်ထပ်က မွန်ပြည်နယ်လွှတ်တော်တွင်လည်း ဖွဲ့စည်းပြီး ကွင်းဆင်းလေ့လာမှုများလည်း လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts