Homeသတင်းအတွဲလိုက် ဆောင်းဘောက်စ်များ အရေးယူရေးအဆို မွန်လွှတ်တော် အတည်ပြု

အတွဲလိုက် ဆောင်းဘောက်စ်များ အရေးယူရေးအဆို မွန်လွှတ်တော် အတည်ပြု

-

မွန်ပြည်နယ်အတွင်း တစတစကျယ်ပြန့်လာသည့် အတွဲလိုက် ဆောင်းဘောက်စ်များကို ထိရောက်စွာ အရေးယူပေးရေးအဆိုကို မွန်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

အဆိုကို ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ဇွန်လ ၉ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အတွဲလိုက် ဆောင်းဘောက်စ်များသည် အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး စိတ်ကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် ထိရောက်စွာ အရေးယူ တားဆီးပိတ်ပင်ပေးသင့်ကြောင်း အဆိုတွင် ပါရှိသည်။

၎င်းပြင် အတွဲလိုက် ဆောင်းဘောက်စ် ဆူညံသံကြောင့် နားရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ် ရောဂါ၊ အူဆိုင်ရာ ရောဂါများ ဖြစ်ပွားမှု များလာကြောင်းလည်း အဆိုရှင်က ဆိုထားသည်။

အဆိုကို ဇွန်လ ၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် လေးဦးနှင့် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးတို့က ထောက်ခံ၊ အကြုံပြု ဆွေးနွေးခဲ့ကြပြီးနောက် ကန့်ကွက်သူမရှိ အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။

အသံချဲ့စက်ဖွင့်လှစ်လိုပါက ၂၀၁၂ ခုနှစ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ အခန်း – ၉ ၊ ပုဒ်မ – ၁၈ အရ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုမိန့်ရယူပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်ဟု ပြည်နယ် စစ်အစိုးရအဖွဲ့က ဆိုသည်။

အဆိုနှင့် ပတ်သက်ပြီး ပြည်နယ် စစ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက “အသံချဲ့စက် အသုံးပြုမည့်သူများ ညွန်ကြားချက် စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်းမရှိပါက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေအခန်း ၉ ၊ ပုဒ်မ – ၂၅၊ ၂၆၊ ၂၇ တို့အရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်” ဟု ပြောခဲ့သည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၂၅၊ ၂၆ နှင့် ၂၇ တို့အရ ထောင်ဒဏ် ခြောက်လအပြင် ငွေဒဏ်ပါ ချမှတ်ခံရနိုင်သည်ဟု ပြဌာန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts