ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ သမီးတော်ကြီး ပါဂျရကီတီယာဗာ ကွယ်လွန်သွားခဲ့ပြီး နိုင်ငံတစ်ဝန်း (၁၅) ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ရန် နှင့် လိုက်နာရမည့် ညွှန်ကြားချက်အချို့ကို ထိုင်းအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်လိုက်သည်။

သက်တော် ၄၇ နှစ်ရှိ တော်ဝင်မင်းသမီး ပါဂျရကီတီယာဗာ နာရင်ဒီရာဒေဗျာဗာတီသည် ဇွန်လ ၁၁ ရက် ကြာသပတေးနေ့ ည ၇ နာရီ ၄၈ မိနစ်တွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းဆေးရုံတွင် နတ်ရွာစံ သွားခဲ့သည်။
ဇွန်လ ၁၂ ရက်မှစတင်၍ ထိုင်းနိုင်ငံတစ်ဝန်းရှိ အစိုးရရုံးများ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် စာသင်ကျောင်းများတွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်သာ လွှင့်ထူရန် ညွှန်ကြားထားသည်။
အစိုးရဝန်ထမ်းများ၊ နိုင်ငံပိုင်လုပ်ငန်းမှ ဝန်ထမ်းများနှင့် အရပ်ဘက်အရာရှိများအားလုံးသည် (၁၅) ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် ဝတ်ဆင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အများပြည်သူဆိုင်ရာ ဖျော်ဖြေပွဲများ၊ အားကစားပွဲများနှင့် ပွဲလမ်းသဘင်များကို တားမြစ်ပိတ်ပင်ထားခြင်း မရှိဘဲ ထိုင်းအစိုးရအဖွဲ့က ပုံမှန်အတိုင်း ကျင်းပခွင့်ပြုထားသည်။
သို့သော်လည်း ပွဲစီစဉ်သူများအနေဖြင့် ပွဲမစတင်မီ မင်းသမီးကြီးကို အလေးပြုသောအားဖြင့် မတ်တပ်ရပ် ငြိမ်သက်ခြင်း ပြုလုပ်ရန်နှင့် သင့်လျော်စွာ ပြောင်းလဲကျင်းပရန် တိုက်တွန်းထားသည်။
ပြည်သူလူထုအနေဖြင့်လည်း သင့်လျော်သလို ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ကြရန်နှင့် ၎င်းတို့၏ နေ့စဉ်လူမှုစီးပွားဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်နိုင်သည်။
ထို့အပြင် ရက်ပေါင်း ၁၀၀ ကြာ ပြုလုပ်မည့် တော်ဝင်ဈာပန ဆုတောင်းပွဲ အခမ်းအနားများသို့ အစိုးရဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ နေ့စဉ်အလှည့်ကျ တက်ရောက်အလေးပြုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိတွင် ဘုရင်ကြီး၏ အမိန့်အရ နန်းတွင်းထုံးတမ်းစဉ်လာအတိုင်း အမြင့်ဆုံးဂုဏ်ထူးဆောင် ဈာပနအခမ်းအနားကို ဘန်ကောက်မြို့ Grand Palace (နန်းတော်ကြီး) တွင် ကျင်းပလျှက်ရှိသည်။
ကိုးကား-Khaosod



