မွန်အမျိုးသားကျောင်းမှ ကျောင်းပြောင်းလာသည့် မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများ Placement Test ဖြေဆိုရန်အခက်အခဲရှိမည်ကို မွန်အမျိုးသားကျောင်းဆရာ၊ဆရာမနှင့် ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။
ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းမှ အခြေခံပညာကျောင်းများသို့ ပြောင်းလဲတက်ရောက်လိုသူ ကျောင်းသားကျောင်းသူများ Placement Test ဖြေဆိုရမည်ဖြစ်ပြီး လာမည့် ဇွန် ၁၅ ရက်နေ့တွင် စတင်ဖြေဆိုရမည်ဟု သိရသည်။
သင်ရိုးညွှန်းတမ်းအရ တူသော်လည်း ဘာသာစကားအခြေပြု အသုံးပြုမှုမတူသည့် ကျောင်းနှစ်ကျောင်းကြား ကျောင်းပြောင်းလိုသည့် မူလတန်းအရွယ် ကျောင်းသားကျောင်းသူများ ဖြေဆိုရန် အခက်အခဲရှိမည်ကို စိုးရိမ်ကြောင်း မွန်အမျိုသားကျောင်းမှ ကျောင်းဆရာတစ်ဦးက ဆိုသည်။

“ Placement Test လုပ်ရမယ်။ ၂ တန်းအောင် ၃ တန်းတက်တဲ့ ကလေးတွေက သူတို့ မွန်စာပဲရထားတယ်။ မူလတန်းကလေးတွေကိုတော့ မွန်အမျိုးသားကျောင်းမှာ မွန်လိုအကုန်လုံး သင်ထားတော့၊ သင်္ချာတို့ ဘာတို့ မြန်မာဘာသာ စကားနဲ့ဖြေရနိုင်တော့လေ။ မအောင်ရင် အဲ့အတန်းပြန်နေရမှာ။ ” ဟု ပြောသည်။
အုပ်ချုပ်ရေးစနစ် အပြောင်းအလဲကာလတိုင်း နှစ်ဖက် ပညာရေးသဘောတူညီချက် ညှိနှိုင်းဆွေးနွေးရသည့် အခြေအနေများရှိခဲ့ပြီး ယခု Placement Test ဖြေဆိုရသည့်ကိစ္စကိုလည်း မွန်အမျိုးသားပညာရေးဌာနမှ သွားရောက်တွေ့ဆုံ ညှိနှိုင်းရန်ရှိသည်ဟု ဆိုသည်။
ယခင် အစိုးရလက်ထက်ကတည်းကပင် အစိုးရကျောင်းဖြစ်စေ ကိုယ်ပိုင်ကျောင်းများမှဖြစ်စေ အခြေခံပညာကျောင်းသို့ အပြောင်းအရွှေ့လုပ်ဆောင်လိုပါက Placement Test ဖြေဆိုရမည့် မူဝါဒတစ်ခု ရှိခဲ့ကြောင်းလည်း ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ နဂိုကတည်းက အစိုးရကျောင်းဝင်ရင် အခုလိုဖြေရမှာက သဘောတူထားပြီးသားပဲ။ နောက်ပိုင်း နှစ်ကြာလာတော့ ကြားထဲမှာ မဖြေဖြစ်တော့ဘဲ ရှိလာတယ်။ အမှန်ကတော့ ဒီအစီအစဉ်က ပြင်ပရောက်နေတဲ့ကျောင်းသားတွေကို ကျောင်းတွင်းပြန်ဝင် စေချင်တဲ့သဘောအရ လုပ်ဆောင်တာပဲ။ အားလုံးမူဝါဒအတိုင်း ပြန်သွားတဲ့ သဘောလားဆိုတော့ မပြောတတ်ဘူး ”ဟု ၎င်းကပြောသည်။
သို့သော် လက်ရှိတွင် ကိုယ်ပိုင်ကျောင်းနှင့် အစိုးရကျောင်းအချင်းချင်း ပြောင်းလဲအပ်နှံလိုသူများအား Placement Test ဖြေဆိုရန် မလိုအပ်ကြောင်းလည်းသိရသည်။
မွန်အမျိုးသားကျောင်းမှ ကျောင်းသားကျောင်းသူများ၏ ပညာအရည်အချင်းကြောင့် မဟုတ်ဘဲ စနစ်ကြောင့် ကျောင်းသားများအခက်တွေ့သွားရကြောင်း ပြန်လည်ညှိနှိုင်းမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း မွန်အမျိုးသား ပညာရေးကော်မတီမှ ဆရာမင်းအောင်ဇေက MNEC စကားဝိုင်းဆွေးနွေးပွဲတွင် ပြောဆိုထားသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ Placement Test ကိုလာမည့် ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အထိ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနများတွင် ကျင်းပသွားမည်ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်းသည်။
Placement Test အောင်မြင်သည့် ကျောင်းသား၊ သူများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ အစိုးရအခြေခံပညာကျောင်းများတွင် ပြန်လည် တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မွန်အမျိုးသားကျောင်းမှ ယခုနှစ်ပညာသင်နှစ်တွင်လည်း မြို့ပေါ် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘော်ဒါဆောင်သို့ ပြောင်းရွှေ့သူများ ပုံမှန်အတိုင်းသာ ရှိနေကြောင်းလည်း သိရသည်။



