Homeသတင်းမွန်ရွှေ့ပြောင်းသင်ကြားရေးစင်တာမှ ကျောင်းသားများအား ထိုင်းအာဏာပိုင်မှ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုလုပ်ဆောင်

မွန်ရွှေ့ပြောင်းသင်ကြားရေးစင်တာမှ ကျောင်းသားများအား ထိုင်းအာဏာပိုင်မှ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုလုပ်ဆောင်

-

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ မွန်ရွှေ့ပြောင်းသင်ကြားရေးစင်တာမှ ကျောင်းသား၊ ကျောင်းသူများအား ထိုင်းအာဏာပိုင်များက Migrant Health Profile နှင့် Scanning များပြုလုပ်၍ ကျန်းမာရေးဆိုင်ရာ အထောက်အကူပေးနေကြောင်း သိရသည်။

မဲဆောက်တွင် ရွှေ့ပြောင်းလုပ်သားမိသားစုများမှ ကလေးများအတွက် ဖွင့်လှစ်ထားသည့် သင်ကြားရေးစင်တာ ၆၀ ကျော်ရှိသည့်အနက် ထိုင်းပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ပူးပေါင်း၍ လက်ရှိတွင် ရွှေ့ပြောင်းသင်ကြားရေးစင်တာ ၂၀ ဝန်းကျင်ကို Migrant Health Profile ပြုလုပ်ခြင်းနှင့် စကင်ဖတ်ခြင်းများ လုပ်ဆောင်ပေးနေကြောင်း မွန်ရွှေ့ပြောင်းသင်ကြားရေးစင်တာမှ ဆရာမတစ်ဦးက ဆိုသည်။

“Health Profile ကတော့ အခုမှစလုပ်တဲ့ Pilot (စမ်းသပ်စီမံကိန်း) ပေါ့။ သူတို့ရွေးထားတဲ့ကျောင်း ၂၀ ကျောင်းပေါ့နော်၊ ဒီနှစ် စလုပ်တယ်။ ကျောင်းကိစ္စကတော့ ကျန်းမာရေးပဲ ပါတာပိုများမယ်။ ခုမှစလုပ်တာဆိုတော့ ကောင်းကျိုး၊ ဆိုးကျိုး သေချာမသိရသေးဘူး။ ထိုင်းပညာရေးဆိုင်ရာသူတွေနဲ့ ကျန်းမာရေးဘက်ကသူတွေ ပေါင်းပြီး လုပ်ကြတာ” ဟု ၎င်းက ဆက်ပြောသည်။

ယခုပညာသင်နှစ်အတွက် ကျန်းမာရေးဆိုင်ရာပံ့ပိုးမှုများအပြင် ကျောင်းနေအရွယ်ကလေးများအတွက် ထိုင်းပညာရေးဝန်ကြီးဌာနမှ ကျောင်းသားကတ် အထောက်အထားများလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

မဲဆောက်ရှိ ရွှေ့ပြောင်းလုပ်သား သင်ကြားရေးစင်တာများအနက် မွန်ရွှေ့ပြောင်းသင်ကြားရေးစင်တာအား မွန်လူထုအခြေပြုအဖွဲ့အစည်းများနှင့် မွန်ဆရာ/မများက ဦးဆောင်ကာ ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ Migrant Education Coordination Center (MECC) မှတစ်ဆင့် ထိုင်းပညာရေးဝန်ကြီးဌာနထံမှ တရားဝင်ဖွင့်လှစ်ခွင့် ရရှိထားသည်။

ယင်းကျောင်းတွင် နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ၂၀၀ နီးပါးခန့်ရှိ၍ ဗမာ၊ မွန်အပြင် ကရင်၊ ရှမ်း၊ ရခိုင် စသည့် ကလေးများ ပါဝင်သဖြင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးလျက်ရှိသည်။

"ထိုင်းဖောင်ဒေးရှင်းအောက်မှာရှိတဲ့ ကျောင်းဆိုတော့ မွန်အမျိုးသားကျောင်းနဲ့မတူဘူး။ စတုန်းကတော့ မွန်ကျောင်းသားတွေနဲ့ပဲ စလာခဲ့တယ်၊ အခု ဗမာအများဆုံးပဲ၊ မွန်က ၁၄ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကရင်၊ ရှမ်း၊ ရခိုင်တို့ ရာခိုင်နှုန်းနည်းနည်းပါတယ်” ဟု ၎င်းက ပြောသည်။

အထက်တန်းကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းအခြေခံကို Pre-GED ပုံစံဖြင့် ရေးဆွဲထားပြီး ဘာသာရပ်များတွင် ထိုင်းဘာသာ၊ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံတို့ ပါဝင်သည်ဟု သိရသည်။

ထိုင်းနိုင်ငံရောက် မွန်နှင့် မြန်မာရွှေ့ပြောင်းလုပ်သား ကလေးငယ်များအတွက် မဟာချိုင်၊ မဲဆောက်နှင့် ရနောင်းစသည့် ဒေသများတွင် ရွှေ့ပြောင်းသင်ကြားရေးစင်တာများကို ဖွင့်လှစ်ထားပြီး အဆိုပါကျောင်းများတွင် မြန်မာသင်ရိုး (သို့မဟုတ်) မွန်ဘာသာနှင့် ယဉ်ကျေးမှုကို အဓိကထား သင်ကြားပေးလျက်ရှိသည်။

ကမ္ဘာ့အခြေအနေနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံတကာအလှူရှင်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာများအပေါ် ထောက်ပံ့မှု လျှော့ချထားသောကြောင့် ဆရာ၊ ဆရာမများအား လစာပေးနိုင်ရန်နှင့် ကျောင်းတည်တံ့နိုင်ရန် စိန်ခေါ်မှုရှိနေသည်။

၂၀၂၁ ခုနှစ် မြန်မာ့အကျပ်အတည်းနောက်ပိုင်း ပညာရေးအခွင့်အလမ်းအတွက် ရောက်ရှိလာသည့် ကလေးနှင့် လူငယ်များပြားလာပြီး မဲဆောက်ရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာများတွင် နေရာမလုံလောက်သည့်အပြင် ဆရာ/ဆရာမ မလုံလောက်သည့် အခက်အခဲများလည်း ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts