Homeသတင်းဘားအံမြို့နယ်တွင် မွန်တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများ လစာအပြင် အပိုခံစားခွင့်ရရေး ဒေသခံံများဝိုင်းဝန်းကူညီ

ဘားအံမြို့နယ်တွင် မွန်တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများ လစာအပြင် အပိုခံစားခွင့်ရရေး ဒေသခံံများဝိုင်းဝန်းကူညီ

-

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အခြေခံပညာကျောင်းအချို့တွင် မွန်တိုင်းရင်သားစာပေသင်ကြားနေသည့် Teaching Assistant (TA)နှင့် (Language Teacher- LT)  ဆရာ၊ ဆရာမများအတွက် လစာအပြင် အပိုခံစားခွင့်ရရှိရေး ဒေသခံများ ကူညီဆောင်ရွက်နေကြောင်း သိရသည်။

၂၀၂၅ ဒီဇင်ဘာလမှစပြီး TA ဆရာ၊ ဆရာမများ၏ လစာနှုန်းထားကို ပညာရေးဌာနမှ ၂၉၀၀၀၀ သို့ တိုးမြှင့်ထားပြီး ပြည်ပရောက် မွန်လူထုများမှလည်း ဆရာ၊ဆရာမတစ်ဦးလျှင် တစ်သိန်းထောက်ပံ့ပေးမည်ဖြစ်သဖြင့် တစ်လလျှင် ၃ သိန်းထောက်ပံ့နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဂျိုင်းမြစ်ဒေသမှ မွန်စာပေအရေးလှုပ်ရှားသူ တစ်ဦးက ပြောသည်။

လစာနည်းပါးသည့်ကိစ္စကြောင့် နှစ်စဉ် မွန်စာပေသင်ကြားသည့် ဆရာ၊ဆရာမများ နှုတ်ထွက်လိုသူ တိုးလာနေပြီး အခြေခံပညာကျောင်းများတွင် မိခင်ဘာသာသာစကား  သင်ကြားနိုင်သည့် အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးရမည်ကို စိုရိမ်ကြောင်း ဆိုသည်။

“ ၆ လပိုင်းကစပြီး ပေးသွားမယ်ပေါ့နော် TA ဆရာမတွေထွက်လိုက်တာများတယ်။ ဆရာမတွေ တစ်နှစ်တစ်နှစ် မနည်းဘူးထွက်လိုက်တာ။ ကိုးရီးယားက သူတွေကို ဖုန်းဆက်တယ် သူတို့အားနဲ့ ၁ သိန်းပေါ့တစ်ယောက်ဆို ရွာကသူတွေပါ ကူထည့်ပေးရင် အားလုံးပေါင်း ၃ သိန်းဖြစ်အောင်ဖြည့်ပေးမယ်။ ” ဟု၎င်းက ဆိုသည်။

မွန်လူငယ်များအားလုံး မွန်စာပေသင်ကြားနိုင်မည့် အခွင့်အရေး ရေရှည်တည်တံ့ရန်၊ အခြားရပ်ရွာဒေသများမှလည်း ယခုနည်းလမ်းအတိုင်း ဆရာ၊ ဆရာမများ၏ လစာခံစားခွင့်ကိစ္စ ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်းလည်း တိုက်တွန်းသည်။

ပြီးခဲ့သည်ပညာသင်နှစ်တွင် ကရင်ပြည်နယ် ကျေးရွာများရှိ အခြေခံပညာကျောင်း ၅ ကျောင်းထက်မနည်းတွင်  မွန်စာပေသင်ကြားသည့် ဆရာ၊ ဆရာမများ မရှိသဖြင့် သင်ကြားရေး ရပ်နားထားရကြောင်းလည်း သိရသည်။

ယခုပညာသင်နှစ်အတွက် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း  မွန်ဖတ်စာအုပ်များကိုလည်း မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ထုတ်ဝေပြီး သက်ဆိုင်ရာကျောင်းသို့ ပေးပေးနေပြီးဖြစ်သည်ဟုလည်း စာပေအရေးလှုပ်ရှားသူတစ်ဦးက ဆက်ပြောသည်။

“မွန်ပုံနှိပ်စာအုပ်ဆိုလည်း ဒီနှစ်မှရတယ်။ လိုက်ဝယ်လို့လည်းမရဘူး။ အဟောင်းတွေကနေပဲ လိုက်တောင်းပြီး ပြန်မိတ္တူးကူး သင်ကြားနေရတယ် တိုင်းရင်းသားရေးရာဝန်ကြီးလည်း ရှိလာတော့ ဒီနှစ်ပိုပြီး အခွင့်အရေးရလောက်မယ်။ ” ဟု ၎င်းကပြောသည်။

နိုင်ငံရေး အပြောင်းအလဲအကြား တိုင်းရင်းစာပေသင်ကြားသည့် ဆရာ၊ ဆရာများ၏ လစာကိစ္စအပြင် မွန်ဖတ်စာအုပ်များလည်း အသစ်ထုတ်ဝေနိုင်ခြင်းမရှိသဖြင့်  စာအုပ်အဟောင်းများကို မိတ္တူဆွဲ၍ သင်ကြားနေရကြောင်းလည်း သိရသည်။

မွန်စာပေအရေးလှုပ်ရှားသူများက ဆရာ၊ ဆရာမများ၏ လစာနှုန်းထားကို လက်ရှိ နေ့စားစနစ်အစား လစာစနစ်သို့ ပြောင်းလဲ သတ်မှတ်ပေးစေလိုကြောင်းလည်း အကြံပြုတောင်းဆိုလျှက်ရှိသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှစပြီး တိုင်းရင်းသားစာပေးအပြင် အခြားလိုအပ်သည့် ဘာသာရပ်တို့ကို ကူညီသင်ကြားပေးနေသည့် Teaching Assistant (TA) ဆရာမတစ်ဦးကို ၁ သိန်း ၃ သောင်းကျပ်ဖြင့် (Language Teacher- LT) ဆရာမများကို ၆ သောင်းကျပ်နှုန်းဖြင့် သတ်မှတ်ထားသည်။

သို့သော် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစပြီး Teaching Assistant (TA) တစ်ဦးလျှင် ၁ သိန်း ၉ သောင်းကျပ်၊ (Language Teacher- LT) ဆရာ၊ဆရာမတစ်ဦးကို ၁ သိန်း ၂ သောင်းကျပ်တိုးမြှင့်ခွင့်ပြုထားကြောင်း စစ်ကော်မရှင်၏ ပြည်နယ်တိုင်းရင်းသားစာပေ ယဉ်ကျေးမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts